Category Archives: ဆောင်းပါး
ရန်ကုန်လေဆိပ်က 0207
ခံစားချက်ကို ချရေးတာမို့ သည်းခံဖတ်ပေးကြပါနော်..
စက်တင်ဘာလ ၁၂ရက်နေ့မှာ TG 09:50 နဲ့ ဗန်ကောက်ကို သွားမှာမို့ အိမ်က ၈နာရီမှာ ထွက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၈နာရီ ၂၀မိနစ်လောက် ရောက်သွားပါတယ်… ရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ အထုပ်တွေ တွန်းလှဲပေါ်တင်ပြီ လေဆိပ်အဆောက်အအုံဝင်းထဲသို့ ၀င်လာခဲ့ပါတယ်… Air Tax ပေး၊ X’Ray ဖြတ်၊ Check in ၀င်နဲ့  Immigration Counter ရောက်တော့ ၈နာရီ ၄၀မိနစ်လောက်ရှိပါပြီ… ကြည့်လိုက်တော့ Myanmar Passport Holder ရေးထားတဲ့ Counter တိုင်းမှာ တန်းစီနေကြတာ မနည်းပေလှဘူး… ကဲ လူနည်းမယ်ထင်တဲ့အတန်းကို တန်းစီတာပေါ့ဆိုပြီ ညာဘက်ထောင့်ဆုံးက ကောင်တာမှာ ၀င်တန်းစီလိုက်ပါတော့တယ်… မီးလေးတို့ တန်းစီနေစဉ်မှာပဲ နောက်ကြတယ်နော်ဆိုတဲ့  Immigration က ၀န်ထမ်းတဦးရဲ့ အချင်းချင်းနှုတ်ဆက်စကားကို ကြားလိုက်ရလို့ လှမ်းကြည့်လိုက်တော့ ၀၀တုတ်တုတ်နဲ့ လူကြီးတယောက် ရောက်လာတာတွေ့ပါတယ်… အဲ့ဝတုတ်တုတ်ဦးလေးကြီးက မီးလေးတို့ တန်းစီနေတဲ့ ကောင်တာမှာ ၀င်ထိုင်ပါတယ်… မီးလေးတို့က ရပ်စောင့်နေရတဲ့သူကိုး အားနေတော့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်တာပေါ့…
နာရီလက်တံတွေကလည်း တဖြည်းဖြည်းနဲ့ ရွေ့လို့ လာနေပါပြီ… နာရီကို ငုံကြည့်တော့ ၉နာရီထိုးပြီး ၁၅မိနစ်ဖြစ်နေပါပြီ… မီးလေးရှေ့မှာလဲ ၃ယောက်ပဲကျန်ပါတော့တယ်… အဲ့အချိန်မှာ လေဆိပ်ဝန်ထမ်း တစ်ဦးက (ပိတောက်ခြောက်ရောင် ၀န်ထမ်းကဒ်နဲ့ အသားမဲမဲ၊ နည်းနည်း၀၀၊ အရပ်က 5’4″လောက်၊ ၀န်ထမ်းနံပါတ်က ၀၂၀၇) ၀၀တုတ်တုတ် လူကြီးကို ဒီလေးယောက်မှတ်ထားပေးပါဆိုပြီ မီးလေးတို့ တန်းစီတဲ့အတန်းရဲ့ ဘေးမှာ အမျိုးသမီး ၄ယောက်ရပ်နေတာ တွေ့လိုက်ရပါတယ်… မီးလေးစိတ်ထဲတော့ ဒီလူ ကြားဖြတ်ပြီ ထင်တယ်လို့ တွေးလိုက်ပါတယ်… ဒါပေမဲ့ Immigration Counter က တန်းစီတဲ့ထဲက တယောက်ကို လှမ်းခေါ်ပါတယ်… သြော် မီးလေးတို့များ သတ်သတ် သူများကို အထင်လွဲနေပြန်ပါပြီ… မကောင်းတဲ့စိတ် မြန်မြန်ဖျောက်မှဆိုပြီး မီးလေးလဲ ဒီတိုင်းပဲ မေ့မေ့ပျောက်ပျောက်နေလိုက်တယ် ဆိုရင်ပဲ ဇာတ်လမ်းက စပါပြီ… ကောင်တာက ဘေးမှာရပ်နေတဲ့ အမျိုးသမီးတစုထဲက ၂ယောက်ကို ခေါ်လိုက်ပါတယ်… မီးလေး စိတ်တိုသွားတာတော့အမှန် ခုမှ ရောက်လာတဲ့ သူတို့တွေက Wheelchair နဲ့လဲ မဟုတ် ခြေကောင်းလက်ကောင်းတွေ သူများတွေ တန်းစီနေတာ သူတို့မျက်လုံးတွေ ကန်းနေကြလား… သက်ကြီးရွယ်အိုနဲ့ လမ်းမလျှောက်နိုင်လို့ ၀ှီးချဲတို့ ဂျိုင်းထောက် အကူနဲ့ သွားနေရတဲ့သူဆို လုပ်ပေးရမှာ နားလည်ပါတယ်… ခုဟာက သန်သန်စွမ်းစွမ်း လူငယ်တွေက အသက်က ၂၀-၃၀ကြား ပတ်ဝန်းကျင်တွေပါ… သူတို့ ကြားဖြတ်ဖို့ လုပ်ပေးတဲ့ ဟို ၀၂၀၇ကကော လေဆိပ်က ၀န်ထမ်းတယောက်ဖြစ်ပြီး အဲ့လောက်လေးတောင် စည်းကမ်းမရှိဘူးလား… ငါတို့ပိုင်နက်ထဲမှာ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီး ထင်ရာစိုင်းနေကြတာလား… သူများတွေ ခြေသလုံးတောင့်အောင် တန်းစီနေကြတာ ဒီလိုလူမျိုးတွေ ကြားဝင်ဖြတ်ဖို့အတွက်လား…
ဒီလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတောင် စည်းကမ်းပျက်တဲ့ ၀န်ထမ်းတွေရှိနေတာ ၀န်လေးစရာပါပဲ… သူများနိုင်ငံမှာ Queue စနစ်ကို အရမ်းအလေးထားကြတယ်… နောက်ဆုံးကုန်ကုန်ပြောရရင် စင်္ကာပူ၊ မလေး၊ ဗန်ကောက်မှာ အိမ်သာသွားတာကအစ Q လုပ်ပြီးမှ သွားကြတယ်… ကြားဖြတ်တယ်ဆိုတာ မတွေ့ရသလောက်ပဲ… ဒါသူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြသွားတာပဲ… အဆင့်အတန်းဆိုတာ ပညာတတ်တာ မတတ်တာနဲ့ သတ်မှတ်တာမဟုတ်ပါဘူး… ပညာတွေတတ်ပြီး အဆင့်မရှိတဲ့သူတွေလည်း အများကြီးပါပဲ… ကိုယ့်ကိုယ်ကိုလည်း အဆင့်အတန်းရှိပါတယ်လို့ ပြောနေတာ မဟုတ်ပါဘူး… အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေဆဲပါ… လေဆိပ်က ၀၂၀၇ဆို လေဆိပ်မှာ အလုပ်လုပ်တဲ့ သူဆိုတော့ ပညာအရည်အချင်းတော့ အသင့်အတင့် ရှိမှာပါ… Q လုပ်တယ်ဆိုတာကို သူလဲ နားလည်ပြီးသားဖြစ်မှာပါ နားလည်ပေမဲ့ လိုက်မလုပ် နိုင်တာ သူ့ရဲ့ အဆင့်အတန်းကို လူအများရှေ့မှာ ထုတ်ဖော်ပြလိုက်တာနဲ့ အတူတူပါပဲ… အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းဘုတ်နားမှာ အမှိုက်ပြစ်တဲ့သူတဦးရဲ့ အဆင့်အတန်းကို ဖော်ပြဖို့တောင် မလိုပါဘူး…
ဘယ်လိုပဲ သေးငယ်တဲ့ ကိစ္စရပ်ပင်ဖြစ်စေကာမူ အုပ်ချုပ်တဲ့ တာဝန်ရှိလူကြီးတွေက ကြတ်ကြတ်မတ်မတ် လုပ်ဖို့ လိုပါတယ်… ၀န်ထမ်းတဦး စည်းကမ်းရှိတယ် မရှိဘူးဆိုတာ အဲ့ဝန်ထမ်းတွေအုပ်ချုပ်တဲ့ ကြီးကြပ်သူရဲ့ အရည်အချင်းလဲ တပိုင်းတစပါပါတယ်… လေဆိပ်မှာ ဒီလို ၀န်ထမ်းတွေ နည်းပါးပါစေလို့ ခရီးသည်များ အားလုံးကိုယ်စား ဆန္ဒပြုလျက်…
>ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ
>
ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်… လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်… မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ… ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်… သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်… (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်… )
ဒီပို့စ်လေးက မီးလေးတို့ ဇနီးမောင်နှံအတွက် ဘ၀သစ်အတွက် ကြိုတင်ပြင်ဆင်မှု မှတ်တမ်းလေး တပုဒ်မျှသာ ဖြစ်ပါတယ်… သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်… မီးလေးတို့ နှစ်ယောက် စိတ်တူကိုယ်တူ တိုင်ပင်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့လို့ ဘာပြနာရယ်လို့ တစုံတရာ မရှိခဲ့ပါဘူး… စိတ်သဘောထားခြင်း မတိုက်ဆိုင်တာလေးတွေတော့ ရှိတာပေါ့လေ… အဲ့လိုအခါမျိုးကျရင် “ကို” က မီးလေးကို ဖြစ်သင့်တယ်ဆိုရင် လိုက်လျောပေးခဲ့တာ များပါတယ်… မဖြစ်သင့်ခဲ့ရင် မီးလေး ဒါလေးကတော့ ဒီလိုရှိတယ်၊ ဒီလိုဖြစ်သင့်တယ်လို့ စိတ်ရှည်ပေးခဲ့တဲ့ “ကို”ကြောင့်လည်း ပါတာပေါ့လေ… မီးလေးတို့ ဘ၀သစ်အတွက် ပြင်ဆင်မှုက ကိုယ်တိုင်လုပ်ရတာတွေ များပါတယ်… ခန်းဝင်ပစ္စည်းနဲ့ အချို့ကိစ္စအတွက်တော့ အိမ်က ၀ိုင်းလုပ်ပေးကြပါတယ်… ဒါပေမဲ့ ကိုယ်လျှောက်ရတော့မယ့် ဘ၀ခရီးလမ်းအတွက် ကိုယ်တိုင်ပြင်ဆင်ရတာကို ကြိုက်တဲ့ မီးလေးတို့အတွက် လွတ်လပ်စွာ ဆောက်တည်ခွင့် ရခဲ့ပါတယ်… အိပ်ယာအခမ်းအနားအတွက် အိမ်ကစီစဉ်ပေးထားပေမဲ့ စောင်ကို ကြိုက်တာစီစဉ်ဖို့ပြောလို့ နာမည်ကြီး ကုန်တိုက် တစ်ခုကိုရောက်ခဲ့ပါတယ်… Super Oneမှာ စောင်တွေ အစုံရတတ်တာမို့ ကျိုက္ကဆံ Super One ကို ရောက်ခဲ့ကြပါတယ်… မီးလေးတို့ စောင်တွေကြည့်တော့ စောင်ကို အောက်ဆုံးအကန့်မှာ ထားတာမို့ အရောင်ရွေးချင်တော့ ဆောင့်ကြောင့်ထိုင်ပြီး ရွေးရပါတယ်…
မီးလေး အမျိုးသားထိုင်တော့ ဘေးမှာ ၀န်ထမ်းတယောက် လာရပ်နေပါတယ်… သူရပ်နေပုံက နောက်က စင်တွေကို မှီပြီး ရပ်နေတာ အတော်ပင်ပန်းနေပုံပါပဲ… ၀တ်ထားတော့ စကပ်အတို မီးလေး အမျိုးသားခေါင်းမော့လိုက်ရင် xxxxxxxx (မပြောတော့ဘူးနော်… :D) လိုချင်တဲ့ စောင်က အရောင်က ဆင်တူမရှိတော့ တခြား Super One တွေမှာကော ဒီလိုစောင်တွေ ရှိသေးလားလို့ မေးတော့ သွားကြည့်လိုက်လို့ ပြန်ဖြေပါတယ်… မေးမိတဲ့ မီးလေးရဲ့ အမှားတွေပါပဲ လျှာရှည်ပြီး သွားမေးတာကို ဒါလေးများ မသိဘူးလား… အရောင်ရွေးတာများလွန်းလို့ တူပါတယ် သူတို့လဲ စိတ်ရှည်ပုံမရဘူး မျက်နှာတွေက စူပုပ်နေပြီ သူတို့ကို မင်္ဂလာဆောင် အိပ်ယာအခမ်းအနား ပြင်မှာမို့ အရောင်ရွေးရတာပါလို့ စကားပလ္လင်ခံပါသော်ငြား ဒီစောင်ကောင်တာပို့ပေးပါလဲ ပြောလိုက်ရော လက်ထဲက စောင်ကို စောင့်ပြီးဆွဲယူသွားတယ်… သြော်… ကောင်းလိုက်တဲ့ ဆားပျစ်(ဆားဗစ်လို့ ပြောရမှာ အားနာလို့ :P) … မီးလေးကလည်း အမှတ်မရှိ ဖက်လုံး ဘယ်မှာထားလဲ လှမ်းမေး လိုက်သေးတယ်… သူကတော့ ဖုတ်လေတဲ့ ငါးပိရှိတယ်လို့မထင် တချက်ကလေးတောင် လှည့်မကြည့်သွားဘူး… ဒါနဲ့ နီးစပ်ရာမှာ ၀န်ထမ်းတယောက် တလေများ ရှိမလားရှာတော့ ခုနက ပင်ပန်းနေတဲ့ မမနဲ့ တိုးလေရဲ့…
ဒါပေမဲ့ ကောင်တာ လိုက်ပြလို့ ဖက်လုံးယူပြီး ငွေရှင်းမယ်ဆိုပြီး ကောင်တာလာတော့ စောင်ကို မတွေ့ဘူး… ကောင်တာက မမတွေက ဟိုဘက်ကောင်တာမှာ ရှိမယ် ထင်တယ်တဲ့…
ဟိုဘက်ကောင်တာရောက်တော့ တွေ့ပါပြီ ပန်းရောင် သားဘက်စောင်လေး နှစ်ထည် အခန့်သား ကောင်တာ ခုံလေးမှာ ထိုင်လို့ ရှင်းမယ်လို့ ပြောတယ်… reply ပြန်မလာ … နောက်တခါ ရှင်းမယ်လို့ ပြောပြန်တော့လဲ မလှုပ်… သူတို့ဘာသာ ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေလေရဲ့… အတော်လေး ကြာတော့ အမျိုးသားက စိတ်တိုလာပါပြီ ရှင်းမယ်လို့ အသံကျယ်ကျယ်နဲ့ ထအော်ပါတယ်… အဲ့တော့မှာ ကဗျာကရာနဲ့ ဘာလုပ်ရမှန်းမသိလုပ်နေတယ်… ဒီကောင်တာမှာ ရှင်းလို့ မရဘူးလားလို့ မေးတော့မှ အင်းတဲ့ ဟိုဘက်ကောင်တာမှာ ရှင်းပါတယ်… ဒီပစ္စည်းတွေ ယူသွားရမှာလားဆိုတော့ အင်းတဲ့… အမျိုးသားလဲ စိတ်တိုပြီး မယူဘူး ဟိုဘက်ကောင်တာ လာပို့ ဆားဗစ်အရမ်းညံ့တယ်လို့ ပြောပြီး ဟိုဘက်ကောင်တာ ရောက်လာခဲ့ပါတယ်… ကောင်တာက လူတွေကလည်း စိတ်တိုနေမှန်းသိတော့ ငြိမ်ကုတ်နေတာပဲ… တာဝန်ကျ မန်နေဂျာ နာမည်ဘယ်သူလဲ မေးတော့ တယောက်မှ ပြန်မဖြေတဲ့အပြင် မသိချင်ယောင်တောင် ဆောင်နေကြပါတယ်… အဲ့တော့ စိတ်တိုတဲ့သူက ပိုဆိုးလာတာပေါ့… မီးလေးကတော့ အလိုက်သင့် အေးအေးဆေးဆေးပဲ တာဝန်ကျ မန်နေဂျာနဲ့ တွေ့ချင်တယ်လို့ ပြောတော့ ဘာကိစ္စရှိလို့လဲတဲ့… ကျွန်မတို့ Complaint ပြောချင်လို့ပါလို့လဲ ပြောရော မသိချင်ယောင်ဆောင်ပြီး ဆက်မပြောတော့ဘူး… အဲ့တော့ နေရင်းထိုင်ရင်း မီးလေးပါ ဒေါသထွက်လာတာပေါ့… ခုနက ကောင်တာက ၀န်ထမ်းကို နာမည်သွားမေးတယ်… သူဘာဖြစ်လို့လဲတဲ့ သူကုန်ပစ္စည်းစတော့တွေလုပ်နေလို့ မသိလိုက်တာပါတဲ့… မသိရအောင် စောင်ထားတာ အတော်ကြာနေပြီ သူ့ကောင်တာမှာ ရှင်းလို့ မရသေးရင် အစတည်းက လက်မခံထားနဲ့လေ… သူတို့ အချိန်ကျ ပြန်နိုင်ဖို့အတွက် ပြန်ချင်ဇောနဲ့ ဘေးက Customerတွေကို ဂရုမစိုက်တာ အလွန်တရာ အကျဉ်းတန်လှပါတယ်…
ဒါကြောင့် လူအများစုက City Mart, Ocean, Capital, East Point, North Pointတွေမှာ ကြိတ်ကြိတ်တိုးနေကြတာပေါ့…. Super One က ၀န်ထမ်းအများစု ဆက်ဆံရေးက တခြား စူပါစင်တာတွေထက် ဆက်ဆံရေးညံ့ပါတယ်… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာတောင် မျက်နှာတွေက အမြဲ ဆူပုတ်နေတာပဲ… သိသိနဲ့ သွားဝယ်တဲ့ မီးလေးတို့ရဲ့ အမှားပါပဲ… ပြောနေရင် ပြီးမှာကို မဟုတ်တော့ပါဘူး… အခန့်သင့်စွာ အောက်ထပ်မှာ တာဝန်ခံနဲ့ တွေ့လို့ အကျိုးအကြောင်းပြောပြီး Complaint တင်ခဲ့ပါတယ်… တိုင်ချင်လို့ မဟုတ်ပါဘူး သူတို့လိုအပ်ချက်တွေ သိစေချင်လို့ ပြောချင်တာပါ… တိုင်ချင်ရင် သူတို့ Boss အန်တီစန်းနဲ့ မီးလေး အမျိုးသား ရင်းနှီးပါတယ်… တိုင်လို့ရတယ် ဒါပေမဲ့ တိုင်လိုက်တိုင်းမပြီးပါဘူး.. သူတို့လိုအပ်ချက်ကို သိမှ ပြင်ဖို့ အချိန်မှီမှာလေ… အဲ့ဒါပြောတာနဲ့ ဆိုလိုရင်းတောင် ပျောက်တော့မယ်… 😛 (လေနဲနဲရှည်သွားပြီ ဆက်ဦးမှ) မီးလေး အမျိုးသားက တအားစိတ်တိုနေပြီ အသားတွေ ဆတ်ဆတ်တုန်နေတယ်… ဂိုက်…ဂိုက်..ဂိုက်…ဂိုက် (မေးရိုက်သံ ;)…) (သူတို့ ပြောဆိုပုံ မျက်နှာအနေအထားက ကိုယ်တိုင်ကြုံတဲ့သူတွေ သိမှာပါ…)
ကို မီးလေးရှင်းလိုက်မယ် တခြားနေရာသွားနေလို့ ပြောလိုက်တော့ နေနေ ကို့ဘာသာ ရှင်းမယ်လို့ ပြောပြီး ကောင်တာမှာ ငွေရှင်းမယ်ဆိုပြီး အိတ်ထဲက ကဒ်တကဒ် ထုပ်ပေးလိုက်ပါတယ်… မီးလေး မျက်လုံးလည်း ပေးလိုက်တဲ့ ကဒ်ပေါ်မှာ မျက်လုံးအိမ် ပြူးကျယ်သွားတယ်… ရောက်နေတာက Super One ပေးလိုက်တဲ့ ကတ်က စိန်ဂေဟာကဒ် မီးလေးက တခွန်းတော့ ပြောလိုက်ပါတယ်… စကားက အပြည့်အစုံမထွက် ကို ကဒ် ကဒ်လို့… သူကလဲ မီးလေးကို ပေးထားလိုက်ပြီလို့ ပြန်ပြောတယ်… ကောင်တာက ၀န်ထမ်းတွေကလည်း မဟုတ်တဲ့ကတ်ကို ဘာလုပ်ဖို့ရယ် မသိ ယူထားလိုက်တယ်…
စလစ်ထွက်လာတော့မှ စလစ်နဲ့အတူ ကတ်တွေသုံးလို့ မရတော့ဘူးဆိုပြီး ပြန်ပေးတယ်… Super One ကတ်တွေ ပေးမသုံးတာ ကြာပြီလို့တော့ သိထားပါတယ်… ဒါပေမဲ့ စိန်ဂေဟာ ကတ်ကြီးလေ သူတို့လည်း မွန်ထူပြီး သေချာ မကြည့်မိတာ ထင်ပါရဲ့ … ငွေရှင်းဖို့ စောင့်နေတယ်သူတွေကလည်း မီးလေးတို့ကိုပဲ ၀ိုင်းကြည့်နေကြတယ်…
မီးလေး အမျိုးသားက သူတို့လက်ထဲ ရောက်မှ စိန်ဂေဟာကဒ်မှန်း သိလိုက်တာလို့ နောက်မှ
ပြန်ပြောပြပါတယ်… ဒါပေမဲ့ သူတို့ ယူထားတော့ ဘာဆက်လုပ်မလဲ စောင့်ကြည့် နေတာတဲ့လေ… သူတို့ကလည်း အယောင်ယောင် အမှားမှားနဲ့ ကဒ်တွေ သုံးလို့ မရတော့ဘူး
ပြောတယ် ကဲ…ကြည့်!!!
ကားပေါ် ရောက်တော့မှ စိတ်တိုနေတဲ့ ကို ဒေါသထွက်ပြီး ကတ်မှားပေးလိုက်တဲ့ အဖြစ်ကို ရီနိုင်ပါတော့တယ်… ခုချိန်ထိလည်း Super Oneမှာ စိန်ဂေဟာကတ်နဲ့ သုံးမလားလို့ နောက်ရင် အမြဲတမ်း အမှတ်တရနဲ့ ပြုံးနိုင်တဲ့ အမှတ်တရနေ့လေး တနေ့ဖြစ်ခဲ့ပါတယ်…
နွေးထွေးလုံခြုံတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရတော့မှာမို့ ၀မ်းသာကြည်နူးမိပါတယ်…
ကျန်းမာပျော်ရွှင်ကြပါစေ
မီးလေး
>လက်မထပ်ခင် သွေးစစ်ပါ…
>
“လရိပ်… နင့်ကောင်လေးကို ယမင်း မနေ့က ကလပ်တစ်ခုက ထွက်လာတာ တွေ့လိုက်တယ်”
“ဟင်… ဟုတ်လို့လား၊ ယမင်း လူမှားတာ နေပါလိမ့်မယ်…”
“လရိပ်… နင် နင့်ကောင်လေးကို ယုံလွန်းအားကြီးတယ်ဟာ၊ ယမင်းမှ မဟုတ်ဘူး ဆွေနဲ့လည်း ဆုံဖူးတယ်… သူကတော့ ဆွေ့ကို မမြင်ဘူး… ကောင်မလေးတစ်ယောက်နဲ့ ပျော်လို့ မြူးလို့…”
“နင်တို့တွေပြောတာ ဟုတ်ရော ဟုတ်ရဲ့လား…”
“အော်… တကယ်ပါဆိုမှ နင်တို့က ယူကြတော့မှာ HIV လေး ဘာလေး စစ်ကြည့်ဦး…”
ကျွန်မ သူငယ်ချင်းတွေ ပြန်သွားကြပေမဲ့ သူတို့ ပြောသမျှ စကားအခွန်းတိုင်း အခွန်းတိုင်း ကျွန်မနားက မထွက်ပါဘူး… အိပ်ယာပေါ်မှာ လူးလှိမ့်နေခဲ့ပေမဲ့ တညလုံး အိပ်မပျော်ခဲ့ပါဘူး…  ကျွန်မတို့ရဲ့ မင်္ဂလာဆောင်ကလည်း နီးကပ်နေပြီမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး… ကျွန်မ ၀မ်းအနည်းဆုံးက မောင် ကျွန်မအပေါ် သစ္စာဖောက်ခြင်းပါပဲ… မောင်က ကျွန်မနဲ့ မတွဲခင် ခြေရှုပ်ခဲ့တာကို သိပေမဲ့ ကျွန်မနဲ့ တွဲပြီးနောက်ပိုင်း ခြေမရှုပ်တော့ပါဘူးလို့ ကတိပေးထားခဲ့ဖူးပါတယ်… ကျွန်မ မောင့်ကို စိတ်သန့်သန့်နဲ့ ချစ်နိုင်ပေမဲ့ သူ့မှာ HIV ပိုး ရှိနေမှာ ကြောက်နေမိတယ်… ဆွေပြောသလို သူ့ကို သွေးပဲ သွားစစ်ခိုင်းရမလားဆိုတာ ဝေခွဲမရသေးပါဘူး… အတွေးတွေနဲ့တင် မနက်မိုးလင်းခဲ့ပါတယ်…
“သမီး လရိပ်ရေ အောက်မှာ မောင်ဝဏ္ဏရောက်နေတယ်…”
“ဟုတ်ကဲ့ … မေမေ”
ကမန်းကတန်း အင်္ကျီလဲပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်…
“မောင်. ကျွန်မနဲ့ အပြင်ခဏလိုက်ခဲ့ပေးပါ…”
“အိုခေ မောင်လိုက်ပို့ပေးမယ်၊ လရိပ် ဘယ်သွားမလဲ…”
“စကားအေးဆေးပြောလို့ ရမယ့် တစ်နေရာပေါ့..”
“အင်း သွားကြတာပေါ့…”
အိမ်ကထွက်လာတဲ့ အချိန်ကနေ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။  တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူကတော့…
“ခုတလော မောင် အရမ်းအလုပ်တွေ ရှုပ်နေလို့ ချစ်ဆီတောင် မရောက်ဖြစ်ဘူး… မောင် မလာလို့ မောင့်ကို စိတ်ကောက်နေတာလား…”
ကျွန်မ ဘာမှ ပြန်မဖြေဖြစ်၊ ကျွန်မက အဲ့လောက် သဘောထား သေးသိမ်တဲ့ သူမှ မဟုတ်ဘဲ မောင်ဘာကြောင့် ကျွန်မကို လိမ်နေရတာလဲ။ မောင် တခြားကောင်မလေးတွေနဲ့ တွဲနေတယ် ဆိုတာထက် ကျွန်မကို လိမ်ပြောခြင်းကို ပိုပြီး စိတ်တိုမိတယ်။ မောင့်ကို ကျွန်မ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်အသိ။ မောင့်ကို ဘယ်သူနဲ့တွဲနေနေ ကျွန်မကို ပေးသိပါ၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်လို့ ပြောထားပါလျက် ကျွန်မကို လိမ်တာ ကျွန်မ ဘယ်လောက်ထိ ခံစားရသလဲ မောင် နားလည်နိုင်မှာ မဟုတ်ပါဘူးလေ။
“သေချာပြီ မောင့်ကို စိတ်ကောက်နေတာ မဟုတ်လား…”
“မောင် ကျွန်မ စိတ်ကောက်ရအောင် ကလေးမဟုတ်ဘူး…”
ကျွန်မအသံ အတော်လေး မာသွားတယ်ထင်တယ်၊ မောင်က ကျွန်မကို ကြောင်ပြီး ငေးကြည့်နေတယ်။
“မောင် ဒီရက်ပိုင်း ဘာတွေလုပ်နေတယ်ဆိုတာ မောင် မပြောပေမဲ့ လရိပ်သိနေတယ်… မောင်ဘာလုပ်လုပ် ကျွန်မ နားလည်ခွင့်လွှတ်တတ်အောင် ကျွန်မ ကြိုးစားနေခဲ့တယ်… မောင် ဘယ်သူတွေနဲ့ ဘယ်နှယောက်တွဲတွဲ ကျွန်မသည်းခံနိုင်တယ်… ဒါပေမဲ့ မောင် စည်းမစောင့်ခဲ့ဘူး… ခုတော့ သူများတွေပြောမှ သိရတယ်… နောက်ဆုံး ကုန်ကုန်ပြောမယ်  မောင်လူပျိုမဟုတ်တော့ဘူးဆိုတာကအစ ကျွန်မသိပြီးပြီ… ကျွန်မတို့ မင်္ဂလာပွဲကလည်း နီးနေပြီ ကျွန်မဘာလုပ်သင့်လဲ… ပြောပါဦး… ပြောဦးလေ မောင် ခုကျတော့ မောင့်ပါးစပ်က ဘာလို့ ပိတ်နေရတာလဲ…”
“မောင် မှားခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်… ဒါပေမဲ့ ချစ်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ချစ်အသိဆုံးပါ… မောင် ချစ်နဲ့ မခွဲနိုင်လို့လဲ လက်ထပ်ဖို့ အထိ ဖြစ်လာခဲ့တာပေါ့… မောင် ဘယ်သူတွေနဲ့ပဲ တွဲခဲ့ တွဲခဲ့ ချစ်တစ်ယောက်တည်းကိုပဲ နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့တာပါ… မောင် နောက်ဘယ်သူနဲ့မှ မပတ်သက်ဘဲ နေပါတော့မယ်… မောင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတခါတော့ ပေးပါနော်… မောင် တောင်းပန်ပါတယ် ချစ်ရယ်… မောင် ချစ်ကို တကယ်ချစ်တာပါ…”
မောင်က ပြောရင်းနဲ့ ကျွန်မလက်ကလေးကို ညင်သာစွာ ဆုတ်ကိုင်လိုက်ချိန်မှာတော့ မျက်ဝန်းမှာ မိုးရွာခဲ့ရပါပြီ…
“ချစ် ဘယ်သွားချင်လဲ မောင်လိုက်ပို့ပေးမယ်လေ…”
“ကျွန်မ ဘယ်မှ မသွားချင်ဘူး မောင်၊ ကျွန်မကို ဆွေတို့အိမ်ပဲ လိုက်ပို့ပေးပါ… ကျွန်မ ဆွေတို့အိမ်ကနေပဲ ပြန်လိုက်မယ်…”
မောင် ကျွန်မကို ဆွေတို့အိမ် လိုက်ပို့ပေးပြီး ပြန်သွားတော့ ကျွန်မလည်း ဆွေတို့နေရာ တိုက်ခန်းပေါ်သို့ တက်လာခဲ့လေသည်။ ကျွန်မရဲ့ ခြေလှမ်းတွေကတော့ လေးလံနေဆဲ…
“ဟော…လရိပ်ပါလား လာ လာ…”
“လရိပ် ကိစ္စရှိလို့လား… သက်သက် အလည်ပဲလား…”
“ဆွေနဲ့ တိုင်ပင်စရာရှိလို့…”
“မေမေ… လရိပ်နဲ့ အခန်းထဲ သွားစကားပြောလိုက်ဦးမယ်…”
“အေး..အေး သမီးလရိပ် ထမင်းစားပြီးမှ ပြန်နော်…”
“ဟုတ်ကဲ့ အန်တီ၊ အန်တီ လက်ရာတောင် မစားရတာ ကြာပြီ…”
“အေးပါ… ကဲကဲ သူငယ်ချင်းတွေ အေးအေးဆေးဆေး စကားပြောကြဦး…”
“ကဲ ဆိုပါဦး..”
“ဆွေ လရိပ်ဘာလုပ်ရမှန်း မသိတော့ဘူး”
“ဘာကိစ္စနဲ့ ပတ်သက်လို့လဲ”
“မောင့်ကိစ္စပေါ့…”
“လရိပ်က ဘယ်လိုဖြစ်ချင်ပြီး ဘာလုပ်ချင်လို့လဲ… ဆွေ ဘာလုပ်ပေးရမလဲ…”
“လရိပ်စိုးရိမ်နေတယ် ဆွေရယ်… မောင်တွဲခဲ့တဲ့ သူတွေက CSWတွေ ဆိုတာလည်း သိရဲ့နဲ့… မောင့်မှာ သူတို့တွေဆီက ပိုးတွေကူးလာမှာ ကြောက်နေမိတယ်ဟ…”
“အဲ့တော့ လရိပ်က သွေးစစ်ကြည့်ချင်တယ် ဆိုပါတော့…”
“အင်း ဟုတ်တယ်… ဒါပေမဲ့ မောင့်ကိုလဲ ပြောမထွက်ဘူး…”
“ဒါဆို ဆွေ မေးမယ်နော်… လရိပ်စဉ်းစားပြီးမှ ဖြေနော်…”
“အင်း”
“သွေးစစ်လို့ HIV ပိုး တွေ့ခဲ့မယ် ဆိုရင် လရိပ်ဘာလုပ်မယ် စဉ်းစားလဲ…”
“မောင့်မှာသာ အဲ့ရောဂါပိုး ရှိမယ်ဆိုရင်တော့ လက်ထပ်ဖို့ကို ဖျက်သိမ်းရမှာပေါ့…”
“လရိပ်… သူငယ်ချင်း ဘယ်လောက်ခံစားနေရတယ် ဆိုတာကို ဆွေနားလည်ပါတယ်… HIV ပိုး စစ်တာနဲ့ ပတ်သက်ပြီး ဆွေသိသလောက် ပြောပြမယ်… လရိပ်သေချာ စဉ်းစားကြည့်ပေါ့… HIVပိုးတွေ့ရင် လမ်းခွဲမယ်လို့ စဉ်းစားထားရင် မစစ်ဘဲနဲ့ လမ်းခွဲလိုက်တာက ပိုသင့်တော်မယ်လို့ ဆွေတော့ထင်တယ်… လရိပ်လည်း သိပြီးသားနေမှာပါ… လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်လေးလေ… အဲ့ဒါက HIVပိုးတွေ့ရင် ချစ်သူရည်းစားတွေ လမ်းခွဲဖို့ မဟုတ်ဘူး လရိပ်… ကိုယ်သာ တကယ်ချစ်ရင် သူဘာကြီးပဲ ဖြစ်နေနေ မျှဝေခံစားကြမှာပဲလေ…”
“ဆွေ ပြောတာ လရိပ်မရှင်းဘူး… ဒါဆို ဘာလို့ သွေးစစ်ခိုင်းရတာလဲ…”
“အဲ့ဒီရဲ့ နောက်ဆက်တွဲ ဆောင်ပုဒ်လေးတွေ ရှိသေးတယ် လရိပ်ရဲ့… သွေးမစစ်ခင် နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ ဆိုတဲ့ ကဏ္ဏလေးပဲ… လရိပ်တို့ နှစ်ယောက်စစ်မယ် ဆိုရင် တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ သွေးစစ်ရတယ်… သွေးအဖြေယူတဲ့အခါမှာလဲ တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးအဖြေပေးတယ်… ပြီးတော့ နှစ်ယောက်လုံး နှစ်သိမ့်ဆွေးနွေးမှုခံယူရတယ်…”
“နှစ်သိမ့်ဆွေးနွေးမှုခံယူတယ်ဆိုတာက ဘာတွေပြောတာလဲဟင်…”
“ပြောတယ်ဆိုတာထက် သွေးစစ်မဲ့သူရဲ့ အကြောင်းတွေကို နားထောင်ပေးတယ်… ပြီးတော့ HIV အကြောင်း ဘယ်လောက်သိလဲ မေးတယ်… မသိသေးရင် ပြောပြတယ်၊ သိပြီးသားဆိုရင်တော့ လိုအပ်တာလေးတွေ ဖြည့်စွက် ပြောတယ်… သွေးအဖြေကို ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့ အခြေအနေရှိမှ သွေးစစ်ပေးတယ်… ကိုယ်က သွေးအဖြေအပေါ် ခံနိုင်ရည်မရှိသေးရင် နှစ်ကြိမ် သုံးကြိမ် လိုအပ်ရင် လိုအပ်သလို နှစ်သိမ့်ဆွေးနွေးမှု ခံယူရတယ်… ကိုယ်က HIVပိုး ကူးနိုင်တဲ့ အမူအကျင့်တွေ ရှိခဲ့မယ်ဆိုရင် မကူးစက်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေကိုပြောပြတယ်… ဥပမာကွာ ယောင်္ကျားလေးမှာ HIV ပိုး ရှိနေတယ် ဆိုပါစို့… တစ်ဖက်သားက မပြောရင် ကိုယ်မှ မသိနိုင်တာပဲလေ… ကိုယ်နဲ့ လက်တွဲရမယ့် ဘ၀လက်တွဲဖော်မှာ HIV ပိုးရှိနေတာကို လက်မခံနိုင်တဲ့ သူတွေဆိုရင်တော့ ကာယကံရှင်က လွဲပြီး တခြားသူကို ပေးမသိဘဲ ထားလိုက်ရတာတွေရှိတယ်… ဒါပေမဲ့ ကိုယ့်လက်တွဲဖော်ကို မကူးစက်နိုင်အောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သူတို့ကို သေချာရှင်းပြပေးရတာတွေရှိတယ်… အတူနေတာ ကလေးယူတာတွေက အစပေါ့… တစ်ယောက်ယောက်မှာ HIVရှိရင် ကလေးမယူတာက ပိုသင့်တော်တယ်လေ… ကလေးယူဖို့အတွက် နောက်တစ်ယောက်ကလည်း ကူးစက်မှုခံရနိုင်သလို မွေးလာမဲ့ ကလေးမှာလဲ ကူးစက်ခံရနိုင်တာမို့လေ…. တချို့ကတော့ ခံနိုင်ရည်ရှိတဲ့အတွက် နှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတဲ့ သူတွေလည်း ရှိပါတယ်… လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကောင်းကျိုးက ကိုယ်တိုင်သိရှိနားလည်ပြီး ဆောင်ရန် ရှောင်ရန်တွေ သတိထားဖို့လေ… အဲ့ဒါကို သွေးစစ်လို့ HIVပိုး ရှိခဲ့ရင် လမ်းခွဲမယ်ဆိုတဲ့ လူတွေက ၁၀ယောက်မှာ ၈ယောက်လို့ ရှိကြတယ်… ဒါကြောင့်လည်း နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးစစ်သင့်တယ်လို ပြောကြတာပေါ့… လူတစ်ယောက်မှာ HIVပိုးရှိလို့ လူ့လောက အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်တယ်ဆိုတာ အရမ်းကို ခေတ်နောက်ကျနေပြီ…”
“လရိပ် သဘောပေါက်ပါပြီ… မောင့်မှာ  HIVပိုး ရှိနေနေ မရှိနေနေ လရိပ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ… မောင့်မှာ ရောဂါပိုးရှိနေခဲ့တယ် ဆိုရင်လည်း ခုနက ဆွေပြောသွားသလို ဆောင်ရန် ရှောင်ရန်တွေနဲ့ နေထိုင်သွားလို့ရတာပဲလေ… လရိပ်တို့ သွေးသွားစစ်တဲ့ နေ့ကျရင်လည်း ဆွေလိုက်ခဲ့ပေးဦးနော်… ဆွေပါတော့ အားရှိတာပေါ့…”
“ဒါပေါ့ လိုက်ပေးရမှာပေါ့ လရိပ်ရယ်…”
“သမီးတို့ရေ စကားကောင်းနေလိုက်ကြတာ ထမင်းစားချိန်ကျော်နေပြီ… ထမင်းလာစားကြဦး…”
“ဟော မေမေ လှမ်းခေါ်နေပြီ လာ ထမင်းသွားစားကြရအောင်…”
ဆွေတို့အိမ်မှာ နေ့လည်စာ စားပြီး ပြန်ထွက်လာချိန်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးလို့ နေပါတော့တယ်… ကျွန်မ သွေးသွားစစ်ပြီး သွေးအဖြေ ဘာပဲဖြစ်နေနေ ကျွန်မမှာ ရင်ဆိုင်နိုင်တဲ့ ခွန်အားတစ်ခုလဲ ကပ်ပါလာခဲ့ပါတယ်… ကျွန်မရဲ့ အိမ်ပြန်လမ်းမှာတော့ မောင်နဲ့ အတူ ဘ၀ခရီးလမ်း ထာဝရ ဖြတ်သန်းရမှာကို စဉ်းစားရင်း….
ဆက်၍ကြိုးစားပါဦးမည်….
ကျေးဇူးတင်လျက်….
မမေ့နိုင်သော တစ်နေ့တာ
13.12.2009 (တနင်္ဂနွေနေ့)
ရာသီဥတုကြောင့် အလွမ်းဓာတ်ခံတိုးစေတဲ့ ဆောင်းလေအေးနဲ့အတူ လူလည်း ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်နေတာကြောင့် သူငယ်ချင်းတွေနဲ့ လေသွားပေါပြီး ပြန်အလာ ခုနက ဘယ်သူလဲ မသိဘူး ဖုန်းလာတယ်… ပြီးမှ ပြန်ဆက်မယ်လို့ ပြောပြီး ချသွားတယ်လို့ မေမေက ပြောတော့ ဘယ်သူများပါလိမ့်ပေါ့၊ ဖုန်းနံပါတ်ကြည့်လိုက်တော့ 65နဲ့ စတဲ့ဖုန်းနံပါတ် ပြန်ခေါ်တော့ ဖုန်းလိုင်းကားမအားတော့ ဘယ်သူမှန်း မသိ…
ဖိုင်နယ်ဖြေရမယ့် စာမေးပွဲကလည်း ဖြေရန် ၂ပတ်သာလိုတော့တယ်… စာဆိုလို့ တလုံးမှ မရသေး… စာမကြည့်ချင်တာ ၃ပတ်လောက်ရှိပြီ… အတန်းမလစ်ဘဲတက်လာတာ ခုဆို မီးလေးတယောက် အတန်းလဲ လစ်တက်နေပီ ၃ပတ်အတွင်း အတန်းချိန် တော်တော်များများလဲ လစ်ခဲ့ပြီးပြီ… မဖြစ်ချေဘူး ကြည့်ချင်ချင် မကြည့်ချင်ချင် စာလေးတော့ လုပ်ဦးမှ ဆိုပြီး စာအုပ်စားပွဲပေါ် စာအုပ်ချရုံရှိသေး ဖုန်းဝင်လာပါတယ်… မီးလေး သုခရိပ်မြုံသွားမယ် လိုက်မလားဆိုပြီး အစ်ကိုတော် ဖော်သူထိုး ဖိုးသူတော် ဆက်လာပါတယ်… အစကမှ စာမလုပ်ချင်တာလေ နှစ်ခါမခေါ်လိုက်ရ (လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက သွားမယ်သိကတည်းက လိုက်မယ်လို့ ပြောထားပါသေးတယ်… :P)… အချိန်နဲ့ နေရာချိန်းလိုက်တော့ ၁၂နာရီခွဲ မြေနီကုန်းက ရွှေရည်လ္ဘက်ရည်ဆိုင်တဲ့… နာရီကြည့်တော့ ၁၂နာရီထိုးဖို့ ၁၀မိနစ် မီးလေးအိမ်ကနေ မြေနီကုန်းထိ ၁၂နာရီခွဲကို ဘယ်လိုမှ မရောက်နိုင်… ဒါနဲ့ ၁၂နာရီခွဲ ရောက်နိုင်မှာ မဟုတ်လို့ စောင့်နေပေးဖို့မှာပြီး ဖုန်းချပြီး သွားဖို့အတွက် ကမန်းကတန်း ပြင်ဆင်ရပါတယ်… ရေမြန်မြန်ချိုးပြီး ပြင်ဆင်ပြီးတော့ ၁၂နာရီ ၁၅မိနစ် သွားဖို့ လာခေါ်တဲ့ကားကလည်း အဆင်သင့် ရောက်ပြီဖို့ ထွက်လာခဲ့ပါတယ်… နေ့လည်စာ မစားရသေးဘူးမို့ ဗိုက်ဖြည့်တင်းရန် ထမင်းဝင်စားပြီး မြေနီကုန်း ရွှေရည်လ္ဘက်ရည်ဆိုင်ကို ၁နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်…
ဆိုင်ရှေ့ရောက်တော့ ဆိုင်တွင်းမှ လက်လှမ်းပြတဲ့ ကိုဖိုးသူတော်ကို တွေ့ပါတယ်… ကိုဖိုးသူတော် ရှေ့မှာတော့ မြန်မာဖြစ် ကောက်ညှင်းပေါင်းလေး တစ်ပွဲ ၀မ်းသွားနေလို့ လမ်းမှာ ဒုက္ခမရောက်အောင် ကောက်ညှင်းပေါင်း စားနေတာတဲ့၊ ဆေးမှီးတိုကောင်းပါပဲ… မီးလေးတို့ ၂နာရီလောက်မှာ ဒဂုံအရှေ့ပိုင်းမှာ တည်ရှိတဲ့ သုခရိပ်မြုံ ပရဟိတဂေဟာလေးကို ရောက်ခဲ့ပါတယ်… မီးလေးတို့ ဆိုတာက ကိုဖိုးသူတော် ဦးဆောင်ပြီး မီးလေးအပါအ၀င် ရဲဘော်ငါးကျိပ်ပါ… 😛
ထိုဂေဟာလေးက HIVပိုးကူးစက်ခံရတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေဟာလေး ဖြစ်ပါတယ်… ယခုလက်ရှိတွင် ကလေးငယ်ပေါင်း ၄၅ယောက်ရှိတယ်ဟုလည်း သိရပါသည်…  ဂေဟာလေးကို ရောက်တော့ စေတနာရှင်များ လှူဒါန်းတဲ့ အလှူငွေကို ဆရာမကြီးတစ်ဦးအား ပေးအပ်ပြီး ကလေးများအတွက် ကစားစရာများ စတစ်ကာများ ကိုဖိုးသူတော်က ဝေပေးဖို့ ၀ယ်လာခဲ့သည်မို့ ကလေးများ တီဗွီကြည့်နေသော နေရာသို့သွား၍ ကလေးများနှင့် တရင်းတနှီးနေပေးပြီး ပါလာသော စတစ်ကာများ၊ ကစားစရာများ၊ သကြားလုံးနှင့် ပီကေများကို ဝေပေးကြပါတယ်… သူတို့လေးတွေ ပျော်နေတာကို ကြည့်ပြီး ၄င်းတို့ဆီမှ အပျော်တွေ မီးလေးတို့ဆီ ကူးစက်လို့ လာခဲ့ပါတယ်… ထို့နောက် ကလေးများအား အုပ်စု သုံးစုခွဲ၍ ဇွန်းနှင့် ပင်ပေါင်သီးသယ်သော ကစားနည်းကို ကစားကြပါတယ်… ပထမရသော အဖွဲ့အား ဆုချီးမြှင့်ပေးသော စနစ်နှင့် ပျော်ပျော်ပါးပါးကစားကြပါတယ်…
ထိုကစားနည်း ပြီးဆုံးသောအခါ ပါဆယ်ဂိမ်းဆော့ဖို့ ၀ိုင်းထိုင်လိုက်ကြပြီး မီးလေးတို့က ကလေးတွေကြားထဲ ရောထိုင်ပြီး သူတို့လေးတွေနှင့် နွေးထွေးပျော်ရွှင်စွာ ကစားကြပါတယ်… သီချင်းရပ်သွားသည့်အချိန်တွင် ကိုင်ထားသော ကလေးအား ၀ိုင်းလည်သို့ ၀င်စေပြီး သူတို့ အချင်းချင်း ဘာလုပ်ခိုင်းစေချင်လဲ မေးသောအခါ ပဲပြုတ်ရောင်းခိုင်းခြင်း၊ မျောက်အက၊ မြန်မာအက ကခိုင်းခြင်း၊ သီချင်းဆိုခိုင်းခြင်းများကို တောင်းဆိုကြပါတယ်… ပါဆယ်ရသွားသော ကလေးမှလည်း သူငယ်ချင်းများ တောင်းဆိုသည့်အတိုင်း မရှက်မကြောက်နဲ့ ပဲပြုတ်ရောင်းပြ၊ ကပြ၊ သီချင်းဆိုပြကြပါတယ်… အသက် ၁၃နှစ်ခန့်အရွယ် ကလေးမလေးတဦး ပါဆယ်ရသောအခါ သူငယ်ချင်းများက သီချင်းဆိုပြရန် တောင်းဆိုကြပါတယ်… ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူးဆိုတဲ့ သီချင်းကို အ၀င်အထွက်၊ အသံအနိမ့်အမြင့်နဲ့ ပီပီပြင်ပြင်ဆိုသွားနိုင်တာကို အံ့သြစွာတွေ့ရပါတယ်… မီးလေးတို့တောင် အဲ့လောက် ပြေပြေပြစ်ပြစ် မဆိုတတ်ပါဘူး…
ညနေ၃နာရီခွဲမှာ ကိုဖိုးသူတော်တို့ကို နှုတ်ဆက်ပြီး သုခရိပ်မြုံဂေဟာလေးမှ ပြန်ထွက်လာခဲ့ကြပါတယ်… ပြန်ခါနီးမှ ၃နှစ်အရွယ် ကလေးငယ်တစ်ဦးက ကားနာလာပြီး မနက်ဖြန်လဲ လာခဲ့ပါနော်ဆိုပြီး မျက်နှာငယ်လေးနဲ့ လာပြောပါတယ်… အဲ့ကလေးငယ်ရဲ့ မျက်နှာ ခုချိန်ထိ မျက်စိထဲက မထွက်ပါဘူး… သူပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာမှန်းမသိတဲ့ ဝေဒနာတစ်ခု တိုးဝင်လို့လာပါတယ်… သူတို့နဲ့ ကစားတဲ့အချိန်မှာ သူတို့ ပျော်နေတာကြည့်ပြီး ၀မ်းသာပီတိဖြစ်ရသလို သူတို့ကို နှုတ်ဆက်ထွက်ခွာချိန်မှာလည်း သူတို့လေးတွေနဲ့အတူ ၀မ်းနည်းမှုက ထပ်တူ ခံစားမိပါတယ်… ဒီနေ့လေးက မီးလေးအတွက် ဘယ်တော့မှမေ့မရနိုင်တဲ့ နေ့လေးတနေ့ ဖြစ်ခဲ့ပါတယ်… HIV ကူးစက်ခံရသော ကလေးများအား စာနာထောက်ထား ဂရုဏာထားခြင်းဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးကြစေလိုပါတယ်… သုခရိပ်မြုံဂေဟာ အကြောင်းကို ဒီနေရာမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်…
ကလေးတွေ ဝေဖို့ စတစ်ကာတွေ စီနေပုံ
စတစ်ကာ ဘယ်လိုလုပ်ကတယ်ဆိုတာ ပြနေတုန်းမှာ
သကြားလုံး၊ ပီကေများ ဝေနေစဉ်
ကလေးများပါသည့်ပုံများအား ၄င်းတို့၏ အနာဂတ်အတွက် ကူးယူသုံးစွဲခြင်း မပြုပါရန် မေတ္တာရပ် ခံအပ်ပါသည်….
အားလုံးကို ကျေးဇူးတင်လျက်…
မိခင်ဆိုတာ…
မီးလေးခေါင်းထဲမှာ အဲ့ဒီမေးခွန်းရောက်နေတာ အတော်လေးကြာခဲ့ပါပြီ… မီးလေး သိသလောက် မိဘဆိုတာ အမြင့်မြတ်ဆုံးသော မြင့်မိုရ်တောင်နဲ့တောင် အနှိုင်းခံရတဲ့ သူတွေပါ… ခုနောက်ပိုင်း မိဘ၀တ်ပျက်လာတဲ့ လူအချို့ကို မြင်တွေ့နေရတာ မဆီမဆိုင် ရင်ထဲကို မီးစနဲ့ ထိုးခံရသလို ခံစားရပါတယ်… နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာ မှန်ပါတယ်… လူတိုင်းလူတိုင်း အကောင်းချည်းပဲ ဖြစ်ချင်ကြမှာပါ… သူတို့ကို ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါဘူး… ဟိုရက်ပိုင်းက ရက်သားလေးအရွယ်ကို မီးလေးတို့နားက မှတ်တိုင်တစ်ခုမှာ လာပြစ်သွားခဲ့ပါတယ်… ရပ်ကွက်လူကြီးက ခေါ်ယူထိန်းသိမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်… နောက်ပိုင်းတော့ ဘာဆက်ဖြစ်သွားလဲ မသိတော့ပါဘူး… ဒါပေမဲ့ ကလေးတစ်ယောက် စွန့်ပြစ်သွားတယ်လို့ အသံကြားလိုက်တဲ့ အချိန်မှာတော့ ရင်ထဲ ဗလောင်ဆူသွားတာတော့ အမှန်ပါ… သူက ဘယ်လိုမိဘမျိုးလဲ၊ ဘာလို့ စွန့်ပစ်ရက်တာလဲနဲ့ လဲပေါင်းများစွာ မေးခွန်းတွေ တစ်ယောက်တည်း ထုတ်နေမိတယ်… သူတို့မှာ စီးပွားရေးကြပ်တည်းလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်သလို၊ တိတ်တိတ်ပုန်းရလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်တယ်… စီးပွားရေး မပြေလည်လို့ဆိုလဲ အစတည်းက ကလေးမယူနဲ့ပေါ့၊ မွေးပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူသင့်ပါတယ်…
မီးလေး တူမလေး ကလေးဆေးရုံတက်တုန်းကလည်း ဆေးရုံမှာ စွန့်ပစ်ခံရတဲ့ ကလေး ငါးယောက်ကို တွေ့ခဲ့ရဖူးပါတယ်… အဲ့လို ကလေးတွေမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်… ဖြစ်နိုင်ရင် သူတို့လေးတွေရဲ့ မိဘတွေကို တွေ့ပြီး ဘာအခက်အခဲရှိလို့လဲ မေးပြီး တတ်နိုင်သလောက် ကူညီပေးတာမျိုးလုပ်ပြီး သူတို့ကလေးတွေကို သူတို့လက်ထဲမှာပဲ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်ခဲ့ဖူးပါတယ်… ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တာမျိုး ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုလည်း သိပါတယ်…
ကလေးမွေးပြီး ပြီးရောထားတဲ့ မိဘတွေကို တကယ်ပဲ အံ့သြမိပါတယ်… မီးလေးတို့ သွားလာနေတဲ့အခါ မွေးခါစကလေးလေးကို ချီပြီးတောင်းနေတဲ့ မီးနေသည်ပုံစံ တောင်းရမ်းနေတဲ့သူတွေကို အားလုံး မြင်ဖူးကြမှာပါ… မီးလေး အစက ကလေးကို အရမ်းသနားမိလို့ ပိုက်ဆံထည့်ခဲ့ဖူးပေမဲ့ ခုတော့ မထည့်တော့ပါဘူး… မထည့်ရတော့တဲ့အကြောင်းရင်းက အဲ့ကလေးတွေက သူတို့ကလေးတွေ မဟုတ်ဘဲ တခြားကနေ တစ်နေ့သုံးထောင်နဲ့ ငှားလာတာလို့ သိခဲ့ရတဲ့နေ့က စပြီး အားလုံးကို လစ်လျူရှုနိုင်အောင် ကြိုးစားခဲ့ပါတယ်… ကလေးမိဘတွေက ဈေးသည်တွေရဲ့ သားသမီးတွေဖြစ်ပြီး ဈေးသည်တွေက ဈေးရောင်းရင် ကလေးမထိန်းနိုင်ကြလို့ ကလေးကို မထိန်းရပြီးရော တစ်နေ့သုံးထောင်နဲ့ ငှားရက်တဲ့ မိဘတွေကိုလဲ အံသြမိပါတယ်…
တောင်းစားတဲ့သူတွေကလည်း သူတို့ ကလေးကို သုံးထောင်နဲ့ ငှားလာတာ အရင်းကြေဖို့အတွက် နေပူပူ မိုးရွာရွာ ဂရုမစိုက်ဘဲ လိုက်တောင်းနေတာ ကလေးက မိုးမိပြီး နှုတ်ခမ်းတွေကို ပြာနေပါပြီ… ကလေးနေမကောင်းရင် မိဘတွေက ဆေးမကုရဘူးလား… ရတဲ့ တစ်နေ့သုံးထောင်နဲ့ ဆေးဖိုးနဲ့ရော ကာမိကြရဲ့လား… ဆေးရောကုမှ ကုပေးပါ့မလားလို့ နေရင်းထိုင်ရင်း စိုးရိမ်နေမိတာ အမှန်ပါ… စိုးရိမ်မိလို့လဲ မနေနိုင် မထိုင်နိုင် ကိုယ့်ကလေး မဟုတ်တိုင်း ခိုင်းစားမနေနဲ့ ဟိုမှာ ကလေးက ဖျားပြီး သေတော့မယ်လို့ ပြောလိုက်မိသေးတယ်… ဘာဖြစ်လဲ ဒီနေ့စာအတွက်တောင် မကိုက်သေးဘူးလို့ ပြန်တောင်ပြောလိုက်သေး… အံ့ပါရဲ့ ဘယ်လိုမိဘတွေနဲ့များ သွားတွေ့ရပါလိမ့် ကလေးရယ်လို့ပဲ သက်ပြင်း အခါခါချမိပါတယ်… ကလေးက လူ့လောကထဲ ရောက်ခါစပဲ ရှိသေးတယ် ခိုင်းစားနေလိုက်ကြတာ အရွယ်နဲ့တောင် မမျှအောင်ပဲလားလို့ စဉ်းစားမိတိုင်း သူတို့လေးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတယ်…
နောက်တစ်ခုက ဒါမျိုးတွေ လျော့သွားအောင် ကလေးပိုက်ပြီး လိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမထည့်ကြပါနဲ့လို့ တိုက်တွန်းပါရစေ၊ တစ်ချို့က တကယ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ခွဲရခက်ပါတယ်… မီးလေးအမြင်ကတော့ တောင်းတဲ့သူအပြစ်မဟုတ်ဘူး၊ ထည့်တဲ့သူ အပြစ်လို့ ထင်ပါတယ်… ထည့်တဲ့သူရှိလို့ တောင်းတဲ့သူလည်း  ရှိလာတာပါ… ထည့်တဲ့သူ မရှိရင် တောင်းတဲ့သူလည်း တဖြည်းဖြည်းလျော့နည်းသွားပြီး အလုပ်လုပ်ချင်စိတ်လဲ ဖြစ်လာမယ်လို့ ထင်ပါတယ်… ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အလုပ်လက်မဲ့တွေကို အလုပ်ပေးထားတာ အားလုံးလဲ သိကြမှာပါ… တောင်းရမ်းစားသောက်နေကြတဲ့ သူအတော်များများ အလုပ်လုပ်နေကြပြီ ဖြစ်ပေမယ့်လဲ၊ အလုပ်လုပ်ရမှာ လက်ကြောမတင်းတဲ့သူတွေကတော့ တောင်းမြဲ တောင်းနေကြတာ တွေ့ရပါတယ်…
တကယ်မရှိလို့ တောင်းစားနေကြတာကို အပြစ်လို့ မဆိုချင်ပေမယ့် အချောင်ရလို့ဆိုတဲ့ စိတ်နဲ့ တောင်းတာမျိုး မဖြစ်ဖို့လိုပါတယ်… ခုဆို မီးပွိုင့်တစ်ချို့မှာ တောင်းရမ်းခဲ့ကြတဲ့ ကလေးတွေ ပန်းတွေရောင်းကြတယ်၊ ဂျာနယ်တွေရောင်းကြတယ်၊ ဆေးလိပ်၊ ကွမ်းယာတွေ ရောင်းကြတယ်၊ အဲလိုလေးတွေ မြင်ရတော့ တကယ့်ကို ပီတိဖြစ်စရာပါ… မီးပွိုင့်မိတဲ့အခါ အစ်မကြီးရယ် ကျွန်တော် ဈေးဦးမပေါက်သေးလို့ပါ ပန်းတွေ အားပေးသွားပါဦးလို့ ပြောလာခဲ့ရင် ည၇နာရီ ၈နာရီဖြစ်နေတဲ့အခါမျိုးကြရင် သူ့လက်ထဲ ရှိသမျှ ပန်းတွေအကုန် ၀ယ်ခဲ့တာမျိုး ရှိပေမယ့်… ၀ယ်ပြီးတိုင်းလဲ သူတို့ ဒီလိုမျိုးပြောလို့ ၀ယ်တာဆိုပြီး သူတို့ ခေါင်းထဲမှာ ငါဒီလိုပြောရောင်းရင် သနားပြီး ၀ယ်ကြတာပဲဆိုတဲ့ မဟုတ်တဲ့ အစွဲမျိုးရောက်သွားမှာလဲ စိုးရိမ်မိပါတယ်… မီးလေးစိုးရိမ်မှုက သိပ်မကြာလိုက်ပါဘူး… နောက်ပိုင်းကြုံတိုင်းလဲ အဲ့လိုပဲ ပြောရောင်းနေတာတွေ့တော့ ကိုယ့်ကြောင့် သူ့တိုကို အဆိပ်ပင်ရေလောင်းနေသလိုများ ဖြစ်သွားသလားလို့ နောင်တရမိတာလဲ အခါခါပါ…
အားလုံးကို ကိုယ်က ကောင်းစေချင်ပေမဲ့ သူတို့ကိုယ်တိုင်က မပြောင်းလဲနိုင်သ၍ ကောင်းလာမှာ မဟုတ်ပါဘူး… မီးလေးတို့ ဘာလုပ်ပေးရမလဲ၊ ဘာလုပ်ပေးသင့်လဲလို့ စဉ်းစားပေမဲ့ အဖြေက ထွက်မလာပါဘူး… အညှောင့်ထွက်စ အပင်တွေကို နည်းမှန်လမ်းမှန်နဲ့ ရေလောင်းပေါင်းသင်ဖို့ ဥယျာဉ်မှူးတိုင်းမှာ တာဝန်ရှိပါတယ်… ဥယျာဉ်မှူးဖြစ်ဖို့ လွယ်ပေမဲ့ ဥယျာဉ်မှူးကောင်းဖြစ်ဖို့တော့ အင်မတန်မှ ခက်ခဲလှပါတယ်… ဒီလိုပါပဲ မိဘဆိုတာ ဖြစ်ဖို့လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့တော့ ခက်ခဲလွန်းလှပါတယ်… ဖြတ်သန်းရမယ့် ခရီးလမ်းက ကြမ်းတမ်းသလို ဇွဲရှိဖို့လဲ လိုပါတယ်… မိဘကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း….
Shrikittaya 2.0 ခရီးသွားခဲ့သည်… ဇာတ်သိမ်း
ဘောဘောကြီးဘုရားကို ပတ်ပြီး တောလမ်းမှတစ်ဆင့် ဘဲဘဲလေးဘုရားကို ရောက်ခဲ့ပါတယ်… ဘုရားတွေက ခေတ်အဆက်ဆက် ဖြတ်လာခဲ့ရလို့ ပျက်စီးယို့ယွင်းနေပါပြီ… ထိုဘုရားကနေ ပြန်ထွက်လာတော့ လမ်းခလယ်ကောင်မှာ ကုန်းကုန်းကွကွနဲ့ လူတစ်စု မြေကြီးထဲကို ဆွနေကြပါတယ်… အနီးရောက်လို့ ကြည့်လိုက်တော့ ကိုညီလင်းဆက် ကိုသားဖြိုး ကိုသီဟန်နဲ့ နောက်တစ်ယောက်တော့ မမှတ်မိတော့ပါဘူး… မြေကြီးထဲ မြုပ်နေတဲ့ ကျောက်တုံးတစ်တုံးကို သစ်ကိုင်းခြောက် သေးသေးလေးတွေနဲ့ ၀ိုင်းတူးနေကြတာ… ကြိုးစားပန်းစားနဲ့ တူးလာလိုက်တာ နောက်ဆုံးတော့ ထိုကျောက်တုံးကို ရပါပီ… ကျောက်တုံးကို ရပီဆိုရင်ပဲ ကိုသားဖြိုးတစ်ယောက် သူပဲကိုင်ထားပြီး ဒါငါတူးလို့ရတာဆိုပြီး ကြွားလုံးထုတ်ကာ သူ့လက်က မလွတ်တော့… မီးလေးတို့ကိုလည်း ဒီကျောက်တုံးကို နမ်းရင် စာမေးပွဲအောင်တယ်ဆိုပြီး လိုက်နမ်းခိုင်း နေပါသေးသည်၊ ပြီးတော့ ပြောလိုက်သေး အတည်ပြောနေတာဆိုပဲ…
ထိုကျောက်တုံးနဲ့ ကိုသားဖြိုး လူတကာကို လိုက်စနေ၏… ရှေ့က အုပ်စုတွေနဲ့လဲ မျက်ခြေပြတ်သွားခဲ့ပြီ မီးလေးတို့တွေပဲ ရှိတော့သည်၊ အနီးအနားက ဘုရားဘေးက တောင်ကုန်းပေါ်တက်ပြီး အဖွဲ့တွေ ရှိ/ မရှိ တက်ချောင်းသေး၏… နောက်တော့ ဗိဿနိုးသင်္ချိုင်း ရှိရာသို့ ခြေဦးလှည့်ခဲ့ကြလေသည်… ဗိဿနိုးသင်္ချိုင်းထဲမှာတော့ ငုတ်တုတ်ထိုင်တဲ့သူက ထိုင်၊ မတ်တတ်ရပ်တဲ့သူက ရပ်နဲ့၊ ကိုအောင်မျိုးဟန် တစ်ယောက်ကတော့ ဘာတွေပွားနေသည် မသိ…. ကိုသားဖြိုးကတော့ အလုပ်ရသွားပီလေ ကျောက်တုံးကို ကိုင်ပြီး ကျောက်တုံးကို နမ်းရင် ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုပြီး အယုံသွင်းနေသည်… သင်္ချိုင်းထဲမှာ ရေတွင်းဝလို တွင်းလေးတွေရှိပါတယ်… ရေတွင်းထဲက ပုပ်နံ့ ရတယ်ပြောလိုပြောနဲ့ အချင်းချင်း ပေါက်ကရတွေ ပြောပြီး စနောက်နေကြလေသည်… တအောင့်တနားနေပြီး အားလုံးလဲ ဗိုက်ဆာနေကြပြီလေ… ကားဆီသို့ တောလမ်းအတိုင်း ခြေလျှင်ပြန်လျှောက်ခဲ့ ကြလေသည်… လမ်းမှာ ခြေထောက်က မသယ်ချင်တော့ နေကပူ၊ ဗိုက်ကဆာ၊ ခြေထောက်ကလည်း ညောင်းဆိုတော့ ကိုရီးယားထဲကလို ကုန်းပိုးမယ့်လူရှိရင် ကောင်းမှာပဲလို့တောင် တွေးမိသေး(ဟေ့ ဟေး)…
ကားနားပြန်ရောက်တော့ အချို့က နေပူထဲကနေ အဲကွန်းထဲဝင်ရင် ဖျားမှာစိုးပြီး ဇရပ်တခုမှာ နားကြပါတယ်… မီးလေးကတော့ ကားပေါ်မှာပဲ အဲကွန်းအောက် သွားထိုင်နေလိုက်တယ်… တအောင့်ကြာတော့ သရေခေတ္တရာမြို့ဟောင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်… ဂိုက်ကောင်လေး လိုက်ပို့တဲ့ ထမင်းဆိုင်တန်းဆီ ဆင်းတယ်ဆိုရင်ပဲ သူ့အုပ်စုနဲ့သူ ဆိုင်အသီးသီးကို ၀င်ကြပါတယ်… ကံဆိုးသည်က မီးလေးတို့သာ ထိုင်မိတဲ့ထမင်းဆိုင်က ကုန်နေလို့ တခြားဆိုင် ပို့ပေးပါမယ်ဆိုပြီး နောက်တဆိုင်ပို့ပေးပါတယ်… ဘာဆို ဘာမှမရ ရတဲ့ဟင်းတွေကလည်း ဘာအရသာမှ မရှိ မီးလေးက သက်သက်လွတ်စားနေတာဆိုတော့ မျှစ်ကြော်ပဲရတယ်တဲ့… မီးလေးလည်း ရတဲ့ မျှစ်ကြော်ခြောက်ခြောက်ကိုပဲ ရေနဲ့ဖျော်ပြီး မော်လမြိုင်ထမင်းလုပ်စားရတော့တာပေါ့… ထမင်းသာ ပြောတယ် ဆန်အတိုင်းပဲ မာတောင့်နေတာပဲ… မီးလေးတသက် ထိုဆိုင်ကို မေ့တော့မည် မဟုတ်…
ထမင်းမစားကောင်းသောငြား၊ ကိုဂျူဝသန်ဈေးဆစ်တဲ့ပုံကြောင့် ရီခဲ့ရပါသေးတယ်… သမိုင်းဆရာ လို့တောင် မထင်ရ အတည်ပေါက်နဲ့နောက်နေတာ ဈေးရောင်းတဲ့ အန်တီကြီး စိတ်ညစ်မှာ ကျိန်းသေသည်… နောက်များမှ အသေးစိတ် ဖောက်သည်ချပါမည် (အဲ ဈေးဆစ်ဖို့ဆို ကိုဂျူဝသန်သာ ခေါ်သွား အလကားတောင် ရချင်ရမည်….:P) ကားပေါ်တက်ခါနီး ကိုအောင်မျိုးဟန်က ညီမလေး နင်ငါတို့ စားတဲ့ဆိုင် ဘာလို့မလာတာလဲဟာ အရမ်းစားကောင်းတာတဲ့… မီးလေးက ဟုတ်လားပေါ့ နောက်တော့မှ ကောင်းဆို ၀က်သာစားလည်း ဒီအရသာ၊ ကြက်သားစားလည်း ဒီအရသာ၊ ဆိတ်သားစားလည်း ဒီအရသာတဲ့လေ… ထမင်းစားပြီးနောက် ရွှေတောင်မြို့က ရွှေနတ်တောင်ဘုရားကို သွားရောက် ဖူးမျှော်ကြပါတယ်… လမ်းမှာ ထမင်းမနပ်တာ စားထားတဲ့အတွက် အစာအိမ်က ရောဂါထလာပါတော့သည်… :((
ဘုရားဆောင်းတန်းတွေ ပြင်နေတဲ့အတွက် ရွာက လုပ်အားပေးတဲ့သူတွေက ဘုရားရင်ပြင်မှာ အပြည့်ပါပဲ… လုပ်အားပေးကြတဲ့သူတွေကို သာကူတိုက်ပါတယ်… မီးလေးတို့လည်း ဘုရားကို ညာရစ်ဖူးမျှော်ပြီး ဆောင်းတန်းတစ်ခုမှာ ဓာတ်ပုံတွေ ရိုက်ကြပါတယ်… ချောင်ထဲမှာ ခွေခွေလေး အိပ်နေတာကတော့ မမပင့်ပါပဲ… အတော်ပင်ပန်းနေရှာတယ် မပင့်ဘေးနားမှာ ကိုဂျူဝသန် အမျိုးမျိုး ပို့စ်ပေးပြီး ဓာတ်ပုံဝိုင်းရိုက်နေကြတာတောင် မသိလိုက်၊ ခဏနေတော့ အသံချဲ့စက်မှ အသံတစ်သံထွက်လာပါသည်… ရန်ကုန်မြို့မှ ကျောင်းသားကျောာင်းသူများ သာကူလာသောက်ကြပါဆိုပြီး လှမ်းခေါ်ပါသည်… ထိုအသံလည်း ကြားရော ဘယ်တုန်းထဲက စားချင်နေကြသည်မသိ သာကူသွားသောက်ကြပါသည်… မီးလေးကတော့ ဗိုက်အောင့်လို့ ကားပေါ်မှာပဲ သွားနားနေ လိုက်ပါသည်… ခဏနေတော့ ကားကလေးသည် တဖြေးဖြေးရွှေတောင်မြို့ကို စွန့်ခွာလျှက်….
ကားပေါ်မှာ စောနေသေးတဲ့အတွက် ချောင်းသာကို ဆက်သွားကြဖို့ တိုင်ပင်ကြပါတယ်… အားလုံးက သွားမယ်ဆိုတာချည်းပဲ ၄ ၅ယောက်လောက်သာ အလုပ်တွေရှိတာကြောင့် မလိုက်နိုင် ရေပြာကို ၀င်မယ် ရေပြာရောက်မှ ဆက်ဆွေးနွေးမယ်ဆိုပြီး ကားပေါ်မှာ သီချင်းဆက်တိုင်း ကစားကြပါတယ်… ကားရှေ့ခြမ်း(အိမ်ရှေ့)ကတစ်ဖွဲ့ ကားနောက်ခြမ်း (နောက်ဖေးခြမ်း)က တစ်ဖွဲ့ ကစားကြတာ မီးလေးတိုက နောက်ခြမ်းက နိုင်ပါတယ်… ဟီ ဟိ။ ကားပေါ်မှာ ဆော့လာကြတာ ရေပြာ ဘယ်လိုရောက်လို့ ရောက်လာမှန်းတောင် မသိရောက်လာခဲ့၏… ကားပေါ်ကဆင်းတော့ အော်ဂနိုက်ဇာအချို့ ချောင်းသာကိစ္စ ဆက်ဆွေးနွေးကြ၏… နောက် လက်ဆောင်လဲဖို့ ပစ္စည်းတော်တော်များများက မပါလာကြ၍ ပါသလောက် မဲနိုက်ဖို့ ကိုဖိုးသူတော်နဲ့ မမဘာညာက ဦးဆောင်ပြီးလုပ်ကြပါသည်… ကံဆိုးစွာနဲ့ ပစ္စည်းထည့်ပြီး မပေါက်ဘူးဗျာ… ကံကိုကအဲလို ကောင်းတာ… ဟာ ဟ။ ထို့နောက် ရေချိုးတဲ့သူကချိုး၊ ဆိုက္ကားသမား ကိုစိုးကြီးကလည်း ရောက်ရာနေရာ တွေ့ရာ ဆိုက္ကားတက်နင်းတော့တာပဲ… ကိုအောင်မျိုးဟန်ကြီးကလဲ ခန့်ခန့်ကြီး ထိုင်စီးလို့ ပိုက်ဆံတော့ မပေး အလကားစီးတာ… :D။ နောက်တော့ သောက်တဲ့သူကသောက်၊ စကားပြောတဲ့သူကပြောကြနဲ့ ညနေစောင်းလို့ မှောင်ရီပျိုးခဲ့ပါပြီ… My Suboo က ကိုစိုးမိုးက မီးလေးတို့ကို ဒီဇင်ဘာ ကျိုက္ကထီးရိုးလိုက်ဖို့ ခေါ်ပါတယ်… အဝေးကြီးလိုသေးလို့ အနားနီးမှ ထပ်ပြောမယ်လို့ ပြောလိုက်ပါတယ်… ပြီးတော့ ကြေးနန်းရိုက်တိုင်း ဆော့ကြပါတယ်… တစ်ယောက်က တိုးတိုးလေးပြောတာကို တဆင့်ဆင့်ပြောရတာ နောက်ဆုံးတစ်ယောက်က ဘာဆိုတာကိုပြောပြီး မဟုတ်ရင် ဘယ်သူကစမှားလဲ ဆိုတာ မေးပြီး စမှားတဲ့သူကို ခိုင်းတာလုပ်ကြေးဆော့ကြပါတယ်… တဖြည်းဖြည်းနဲ့ ၀ိုင်းကကြီးလာတယ်၊ မှားတာတွေကလည်း သောက်သောက်လည်၊ ခိုင်းတာတွေကလည်း ပေါက်ကရတွေ ရီရလွန်းလို့ ဗိုက်ကြောတွေတောင် နာလာတယ်… နောက်အုပ်စုလိုက် ဓာတ်ပုံရိုက်ကြပါတယ်… ထို့နောက် ရေပြာကို နှုတ်ဆက်ထွက်ခွာရင်း ပေါင်းတည်ဘုရားပွဲကို ၀င်ကြပါတယ်…
ဘုရားပွဲကို လည်ဖို့ နာရီဝက်ပေးပါတယ်၊ လူစုကွဲမှာစိုးလို့ ရေချိုးပြီး အချို့က အင်္ကျီလဲထားလို့ MBS ၀တ်စုံ ပြန်ဝတ်ခိုင်းပါတယ်… မီးလေးကတော့ အပေါ်ကပဲ ထပ်ဝတ်လိုက်ပါတယ်…. ဘုရားပေါ်မှာ ဘုရားဖူးပြီးတော့ ကိုညီလင်းဆက်က ရှေ့သွားမယ့် ခရီးစဉ်အစီအစဉ်ကို ပြောပြပါတယ်… အားလုံးက ငြိမ်ပြီး နားထောင်နေကြတော့ ဘုရားလူကြီးတွေ မျက်စိနောက်သည်ထင်ပါ့ ခဏခဏပတ်လျှောက်ပြီး ရစ်သီရစ်သီကြည့်နေသေး၏… ပြီးတော့ လွတ်ကျခဲ့တဲ့မြို့တော် ဘလော့ဂါကြီးအတွက် ဆုတောင်းပေးကြပါတယ်… ထို့နောက် ပေးထားတဲ့ နာရီဝက်လည်း ပြည့်လို့ ပွဲဈေးမလည်ရဘဲ ကားရှိရာသို့ ခြေဦးတည့်ခဲ့ကြပါတယ်…
ကားပေါ်မှာ မိတ်ဆက်ကြပါတယ်… ပြီးတော့ တစ်ယောက်က အကြိုက်ဆုံး ဘလော့ဂါ ၅ခုကို ပြောရမယ်တဲ့… သေရော မီးလေးက အားလုံးကို ကြိုက်တော့ ပြောရခက်ပီလေ၊ အစ်ကိုတော် နှစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးဟန်နဲ့ ကိုအရုပ်တမာ အဲလေ ကိုအရုပ်တော့ ပါအောင် ပြောရတယ်… တယောက်ပါပြီး တယောက်မပါရင် ရန်ကုန်တောင် မီးလေး ပြန်ရောက်မှာ မဟုတ် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်သည်လေ… :P။ ထို့နောက် ခရီးစဉ်အဆုံးသတ်၍ ရန်ကုန်ကို ကားကြီးက ပြည်ကိုဖြတ်၊ အမှတ်တရတွေနဲ့အတူ ၄၁ယောက်ခွဲကို သယ်ဆောင်လာကြပါတယ်… တရိပ်ရိပ်နဲ့ ပြည်မြို့ကလည်း ကျန်ခဲ့ပြီ၊ ကားကမနားဘဲ တောက်လျှောက်မောင်းလာရာ လက်ပံတန်း အသွားတုန်းက ဆိုင်မှာ ၀င်နားပါတယ်… အသွားတုန်းက ဆီထမင်းဆိုင်နားမှာ ဆီထမင်းဝယ်စားတဲ့သူက အများသား၊ မီးလေးကတော့ ဘာမှ မစားတော့ဘဲ ထိုင်နေလိုက်တယ်၊ ခရီးလည်းပန်းနေပြီ၊ အိပ်လည်း အိပ်ချင်နေပီလေ… အစ်ကိုဇောင်းက မီးလေးကို ဟိုမှာ ကြည့်စမ်းဆိုပြီး ပြပါတယ်… အားလားလား ဂဏန်းကြော်ဗန်းမှာ လောက်တွေ တကောင် နှစ်ကောင်ထဲမှ မဟုတ်ဘဲ နဲတာမဟုတ်ဘူး… ကိုအောင်မျိုးဟန် လာတော့တောင် မစားနဲ့လို့ သတိပေးသေးတယ်… သွားတုန်းက သူတို့စားပြီး ဗိုက်တွေနာလို့တဲ့… မီးလေးလည်း ပြောမကောင်းလို့ ဒီအတိုင်းပဲ နေလိုက်တယ်… အဲ့ဗန်းကိုတော့ ဓာတ်ပုံရိုက်လာခဲ့သေးတယ်… အလင်းရောင်ကြောင့် အခွံတွေထဲကတောင် အကောင်တွေ ထွက်လာသေး… ခရီးသွားတဲ့သူများ လက်ပံတန်းရောက်ရင် သတိထားဖို့ပါ…
လက်ပံတန်းကနေ ဘယ်မှ မနားတော့ဘဲ ရန်ကုန်ကို မောင်းလာလိုက်တာ ရန်ကုန်နားဝင်ခါနီးမှာ ရင်ထဲကို ဟာတာတာခံစားမှုတခု ၀င်ရောက်ခဲ့ပါတယ်… တချိန်က အတူတူပျော်ရွှင်ခဲ့တဲ့သူတွေနဲ့ ရန်ကုန်ဝင်ရင် ခွဲခွာရတော့မှာပါလားဆိုတဲ့ အသိတခုကြောင့် အလိုလိုဝမ်းနည်းလာပါတယ်… ရန်ကုန်ကို ရောက်တဲ့အခါ သူတို့လဲ အလုပ်ကိုယ်စီ၊ ကျောင်းကိုယ်စီနဲ့ အကုန်စုံဖို့ဆိုတာလဲ မလွယ်တော့ပီ… အားလုံးကို ယခင်လို ဘလော့တွေမှာ ဖေ့ဘွတ်ခ်တွေမှာ ချက်တင်မှာမှလွဲ၍ တွေ့ဖြစ်ဖို့ဆိုတာ မီးလေးအနေနဲ့ မလွယ်ပီ…. ချက်တင်တောင် တွေ့ပီး မပြောဖြစ်တာများသည်လေ… ပျော်ရွှင်ခဲ့တဲ့ အပျော်တွေ၊ အမှတ်တရတွေနဲ့ လွမ်းစရာတွေထွေးပိုက်လို့ ရန်ကုန်မြို့ထဲကို ၀င်လာခဲ့ပါပြီ… ခရီးသွားတိုင်း ဘယ်လောက်ပဲ ပျော်ခဲ့ပျော်ခဲ့ ရန်ကုန်ဝင်ခါနီးတိုင်း ၀မ်းနည်းမှုက အမြဲရင်မှာအပြည့်နဲ့ အိမ်ပြန်လမ်းဟာလည်း တိတ်ဆိတ်လို့ နေခဲ့ပါတယ်…
ဖေ့ဘွတ်ခ်ပေါ်မှာ ပြည်က ဓာတ်ပုံတွေ တင်ထားပြန်တော့လည်း ဖေ့ဘွတ်ခ်ပွဲတော်ကြီး ကျနေတာပဲ ပျော်ရွှင်ခဲ့ရသေးပါသည်….
(စာကြွင်း။            ။ ကျောင်းစာတွေကြောင့် နောက်ကျသွားတာ နားလည် ခွင့်လွတ်ပေးကြပါနော်…)
Shrikittaya 2.0 ခရီးသွားခဲ့သည်… အပိုင်း(၂)
ဘုရားမုခ်ဝထဲသို့ ၀င်ခဲ့ရင်ပဲ လမ်းတစ်ဘက်တစ်ခြမ်းစီမှာ ပန်းပင်တွေတန်းစီပြီး စိုက်ထားပါတယ်… ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့ပေါ့… ရွှေဘုံသာမုနိဘုရားကို လက်ယာရစ် ဖူးမျှော်ကြည်ညိုရင်း ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကလည်း နေရာတိုင်းမှာ ၀င်းခနဲ လက်ခနဲ၊ နောက်က ဘုရားတာဝန်ခံကလည်း နောက်က တကောက်ကောက် (ကင်မရာခွန် မပေးဘဲ ရိုက်လို့ လာတောင်းတာပါ)… နောက်တော့ ကိုစိုးကြီး(စိုးဇေယျ)က သူဆောင်လာပြီးပြီ သူတို့နဲ့ အတူတူလိုက်ခဲ့လို့ ပြောပါတယ်… အဲ…စာရေးသူလည်း ကင်မရာနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ အခွန်ပြေစာ ကိုင်ထားတဲ့ ကိုသားဖြိုးကို ပြန်လိုက်ရှာနေရတာက အမော… 😛 သူ့မှာလဲ ကြည့်ဦးလေ ကိုစိုးကြီးကို ဆရာ…ဆရာ ခေါ်ပြီး ကိုစိုးကြီး ကင်မရာအိတ်လွယ်ပြီး တပည့်ခံမလို့ဆို တကောက်ကောက် လိုက်နေလေရဲ့…
ဘုရားကို လက်ယာရစ်ပတ်ပြီး ပြန်ထွက်လာတော့ ပန်းခင်းမှာ ဓာတ်ပုံဆရာတွေ ရုံးစုရုံးစုနဲ့ ပန်းခင်းကိုလည်း အပြိုင်အဆိုင် ရိုက်နေကြတယ်… စာရေးသူလည်း ဘာများလဲလို့ သွားကြည့်တာပေါ့… အနားရောက်မှ သေချာသိတော့တယ်… ပန်းခင်းမှာ ပျားလေးတွေ နားနေကြတာပါ… ပျားတွေက လူယဉ်နေသည် ထင်၏ လုံးဝမတုတ် တုတ်လျှင်လဲ ဘလော့ဂါတွေ တစ်ယောက်မှ လွတ်မည်မဟုတ်… အဘယ်ကြောင့်ဆိုသော် ပန်းပေါ်မှာ ပျားနားနေသည့်ပုံကို ဓာတ်ပုံဆရာ ကိုစိုးကြီးက သင်ပေးသဖြင့် အားလုံး လက်တည့်ဆန်း နေကြသည်မှာ စာရေးသူအပါအ၀င်ဖြစ်၏… ပန်းရိုက်ပုံ ရိုက်နည်းပါ သင်ပြသဖြင့် စာရေးသူ ခုဆို ပန်းမြင်တိုင်း ရိုက်ချင်သည့်ရောဂါ တက်နေ၏…
ပန်းပေါ်ပျားနားစဉ်
ပန်းတစ်ပွင့် ဖန်ဆင်းခြင်း .. ခွိ ခွိ
ဒါက ပန်းပေါ်မှာ ပျားနားနေတာ ( ကိုစိုးကြီး ရိုက်ချက်လောက်တော့ မကောင်းပါ..) သူတို့ကို ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတာ မငြီးမငြူ မော်ဒယ်လုပ်ပေးတဲ့ ပျားလေးတွေရေ ကျေးဇူးပါ… 😀 (လိပ်ပြာနားတဲ့ပုံ ရိုက်ဖို့ လိပ်ပြာ ဟိုပန်းနားနိုး ဒီပန်းနားနိုးနဲ့ သူ့နောက်ပြေးလိုက် လိုက်ရတာ… နောက်ဆုံးကျတော့ အင်တာနက်မှာ နာမည်ကြီးမှာ စိုးလို့ထင်ရဲ့ အဝေးကို ပျံသွားလေ၏…
ဘုရားမုခ်ဝက ပြန်ထွက်လာတော့ ကမ်းနားမှာ အဖြူရောင်တွေ ဧရာဝတီမြစ်ကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ခုံတန်းလျားမှာ ထိုင်နေတဲ့သူကထိုင်၊ အအေးဆိုင်မှာ အအေးသောက်သူက သောက်နဲ့ ဟိုနားတစ်စု ဒီနားတစ်စု  စုတ်ချက်မဲ့ ပန်းချီကားတစ်ချပ် လှချင်တိုင်း လှနေ၏… ကိုဖော်သူထိုး(ခ) ကိုဖိုးသူတော်က စာရေးသူနဲ့ မယမင်းတို့နှစ်ယောက် လမ်းလျှောက်လာတာကို သောက်လက်စ ကြံရည်ခွက်ကြီး မြောက်ပြီး သောက်ဦးလို့တိုက်တော့ ကြံရည်က ခွက်တစ်ဝက်ရောက်နေပြီ … မယမင်းနဲ့ စာရေးသူ ကျန်တဲ့ တစ်ဝက်ကို တယောက်တစ်ဝက် သမလိုက်တာ ကုန်သွားပါရော… သနားစရာ ကိုဖော်သူထိုးတစ်ယောက် ပိုက်ကလေးကိုင်ပြီး သူများခွက်တွေ တောင်းသောက်ရန် တိုင်းခန်းလှည့်လည် ပါတော့သည်… (ရှူး…တိုးတိုး ကြားရင် မီးလေးပြောတယ် မပြောနဲ့ :P)
အအေးဆိုင်မှာ အအေးသောက်ကြရင်း အပြန်ခရီးအတွက် ချောင်းသာဝင်မည်ဟု အသံသဲ့သဲ့ကြား လိုက်ပါသည်… (မသေချာသေးပါ) ထို့နောက် ခရီးစဉ်၏လိုရင်းဖြစ်သော သရေခေတ္တရာသို့ ကားကြီးဖြင့် ဘီးစင်္ကြာလှည့်ပါတော့သည်… 😛 သရေခေတ္တရာသွားရင်း လမ်းတလျှောက်မှာ ကိုညီလင်းဆက်က သရေခေတ္တရာရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ပြောပြပါတယ်… ခဏလောက် သွားလိုက်တယ် ဆိုရင်ပဲ သရေခေတ္တရာပြတိုက်ကို ရောက်ပါတယ်… ပြတိုက်တို့ ထုံးစံအတိုင်း ဓာတ်ပုံမရိုက်ရဆိုပေမဲ့ ဓာတ်ပုံတွေ ခိုးရိုက်ကြတဲ့သူလည်း ရှိပါသေးတယ်… (မပင့်လို့ မပြောဘူးနော်…:D)
ပြတိုက်မှာ ရှေးဟောင်း ဆင်းတုတော်၊ ပုတီး၊ ရေအိုး၊ ကြေးပြား။ အုတ်ခွက်ဘုရား အစရှိတဲ့ ရှေးဟောင်းပစ္စည်း မြောက်များစွာကို တွေ့မြင်ခဲ့ရပါတယ်… ထိုပစ္စည်းများကို ကိုညီလင်းဆက်မှ သူသိသလောက်အား မမောနိုင် မပန်းနိုင်နဲ့ ကင်မရာကြီးလွယ်လို့ ရှင်းပြပေးခဲ့တာကို ကျေးဇူးတင်နေမိပါတယ်… နောက် ရှေးခေတ်က မကောင်းဆိုးဝါးများ မ၀င်နိုင်အောင် အိမ်တံခါးမကြီးရှေ့မှာ ရတနာသုတ်အား ရေးထားပူဇော်ခဲ့ကြတယ်လို့လည်း သိရပါတယ်…. ထိုတံခါးအပိုင်းအစလေးလည်း တွေ့ခဲ့ရပါတယ်… နောက်တော့ ရှေးခေတ်က လူတွေကိုင်ခဲ့တဲ့ သံချောင်းပြထားတဲ့ နေရာကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ရောက်သွားပါတယ်… အရင်က စာရေးသူတို့ကို ရှေးခေတ်လူတွေ အရပ်က ထန်းပင်လောက် ရှိတယ်ပြောတုန်းက ဒါတွေက အာပလာတွေပါလို့ ထင်ခဲ့တာ သူတို့ကိုင်ခဲ့တဲ့ သံချောင်းရဲ့ ထုက လက်ရှိ အားကောင်းမောင်းသန် ယောက်ျား ၁၀ယောက်လောက် ၀ိုင်းမရမယ်…
ပြတိုက်ကို ပတ်ကြည့်နေတုန်း ကိုကြီးကျော်က ရှေ့တွင် မြွေပေါသဖြင့် ပေါက်တောအား ဒီပြတိုက်မှာတင် အပြီးလုပ်ရန် လိုက်ပြောပါတယ်… အိမ်သာရှေ့တွင် ထိုင်စောင့်နေသူကတော့ ကိုစိတ်ထွက်ပေါက်(ခ) ကိုအောင်မျိုးဟန်ပဲ ဖြစ်ပါတယ်… တစ်ခြားတော့ မဟုတ် အိမ်သာဝင်တဲ့သူတိုင်း ဦးသုံးကြိမ် ကန်တော့ရမည် ဆိုပြီး ကန်တော့ခံရန် အိမ်သာရှေ့တွင် စောင့်နေလေ၏… 😛 တချို့က တကယ်ထင်၍ လိုက်မေးနေပါ သေးသည်၊ အဲလောက်ကို မျက်နှာပြောင်တာ… 🙂
ပြတိုက်ရှေ့က အပင်တွေမှာ ရန်ကုန်မှာ မမြင်ဘူးသေးတဲ့ ပင့်ကူ (ခြေထောက်က အ၀ါတစ်ဝက်၊ အမည်းတစ်ဝက်)တွေ အိမ်ဖွဲ့နေတာကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်… စာရေးသူက အဲ့ပုံ မရိုက်တော့ဘဲ အရွက်ပေါ် နားနေတဲ့ပုံကို ရိုက်လိုက်ပါတယ်…
အရိုက်ကောင်းလို့ အင်္ကျီမှာ ပင့်ကူတစ်ကောင် ကပ်ပါလားသေး၏…
အဖွဲ့လိုက်ဓာတ်ပုံကို ပြတိုက်ရှေ့မှာ ပျော်ပျော်ပါးပါး စနောက်ကြရင်း ရိုက်ပြီး သကာလ ထိုပြတိုက်က ဂိုက်လုပ်ဖို့ ကလေးတစ်ယောက်အား ထည့်ပေးလိုက်ပါတယ်…
ပထမဆုံး ဘောဘောကြီး ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်… ယောက်ျားလေးတွေက ဘုရားပေါ်မှာ မိန်းကလေးတွေကတော့ အောက်ကနေ တက်ချင်လို့ သွားရည် အဟောင်းသားနဲ့ မော်ကြည့်နေကြရပါတယ်..
ဆက်ရန်
Shrikittaya 2.0 ခရီးသွားခဲ့သည်… အပိုင်း(၁)
စာရေးသူအတွက် ဒီနေ့လောက် ကတိုက်ကရိုက်နိုင်တာမရှိ၊ အားလုံး လောလော, လောလောချည်းပဲ … ယနေ့ည ၁၀နာရီ “BlogDay Excursion Trip” ပြည်မြို့သို့ ချစ်သောအမိမြေ ရန်ကုန်မှ ထွက်ခွာဖို့ ၉း၃၀မှာ မြေနီကုန်းရှိ ရွှေလက်ဘက်ရည်ဆိုင်တွင် လူစုကြမည်… စာရေးသူတယောက် ၇နာရီထိ ကျောင်းက မပြန်ရသေး… မိနစ်ကံ တဖြေးဖြေးရွေ့လျားလာလေ စိတ်တွေက ပိုမငြိမ် တော့လေ ရှေ့က ဆရာသင်တာလဲ ခေါင်းထဲ concept မမိတော့… မြန်မြန်ပြီးပါစေသာ စိတ်ထဲ အကြိမ်ကြိမ် ဆုတောင်းနေတာ အကြိမ်ပေါင်း မရေတွက်နိုင်ပါ… ၇နာရီခွဲဖို့ ၅မိနစ်အလိုမှာ ဆရာက သင်ခန်းစာ လက်စသတ်ပြီး Roll Call ခေါ်တယ်… စာရေးသူ နာမည်ခေါ်ပြီးတာနဲ့ စာသင်ခန်းအပြင်ကို အမြန်ထွက်လာလိုက်တယ်… အခန်းပြင်ရောက်တော့ ၇နာရီခွဲပြီး ၅မိနစ်ဖြစ်နေပြီ… ပထမဆုံး အခန်းပြင်ရောက်တာနဲ့ နှိပ်မိတဲ့ ဖုန်းနံပါတ်က စာရေးသူရဲ့ တစ်ဦးတည်းသော ချစ်သူဆီကိုပေါ့… (အကောင်းတော့ မဟုတ် ခိုင်းစားဖို့ :D) အတန်းပြီးပြီ ရောက်ပြီလားဆိုတော့ ရယ်ဒီပဲ ကျောင်းရှေ့ရောက်နေပြီတဲ့… ကျောင်းပေါ်က ကမန်းကတန်းပြေးဆင်း လှေကားထစ်တွေတောင် ကျော်ဆင်းလို့ ချော်ကျမလို ဖြစ်သေး….ကားပေါ်တက်လိုက်ပြီး သိမ်ဖြူက သူငယ်ချင်းတယောက်ကို အိမ်ဝင်ပို့ပြီး အိမ်ကို ပြန်လာခဲ့တယ်… အိမ်ပြန်ရောက်တော့ အချိန်က ၈နာရီကျော်နေပြီ… ကျောပိုးအိတ်ထဲ လိုအပ်တဲ့ ပစ္စည်းတွေ ဟိုကောက်ထည့်၊ ဒီကောက်ထည့်လုပ်ပြီး ထွက်မယ်လုပ်တော့ မေမေက လှမ်းသတိပေးတယ် “ဖုန်းပါပီလား”တဲ့… ကျောပိုးအိတ်ပြန်စမ်းကြည့်တော့မတွေ့တာနဲ့ တအိမ်လုံး ပြန်ရောက်ထဲက သွားတဲ့နေရာမှန်သမျှ မြေလှန်ရှာ… ဘယ်လိုပဲရှာရှာ မတွေ့… ကားထဲမှာကျန်သလား မသိဘူးဆိုတော့ တစ်ယောက်သောသူက ကားထဲသွားပြန်ဝင်ရှာတယ်… မီးလေးအစ်ကိုက ဖုန်းနံပါတ် လှမ်းခေါ်တယ်… တစ်ယောက်ယောက် ဖုန်းကိုင်လိုက်တယ်… အသံတချို့လည်း ကြားနေရတယ်… “ငါခိုးတာမဟုတ်ဘူး”တဲ့ ပြီးတော့ ဖုန်းချသွားရော၊ နောက်တစ်ခါဖုန်းကို ပြန်ခေါ်တယ်… ကြားနေရပါပီ သူ့အသံ ဘယ်နားက ကြားနေရမှန်းမသိ အသံက တဖြည်းဖြည်း နီးကပ်လာပြီ… မျက်ရည်လွယ်တဲ့ စာရေးသူ ဘယ်အချိန်က ထွက်ချင်မှန်းမသိတဲ့ မျက်ရည်တွေ အလိုလို ထွက်ချင်နေပီ… နောက်တော့ အမှောင်တည်းကနေ ကလေးလေးတစ်ယောက် ထွက်လာပြီးပေးတယ်… ကားဘေးမှာကျနေလို့တဲ့ ကျေးဇူးတင်ကြောင်းပြောပြီး ကမန်းကတန်း ကားပေါ်တက်ပြီး ထွက်လာခဲ့ပါတယ်… တစ်ယောက်သောသူရဲ့ နားမီးပူတိုက်ခံရင်းပေါ့ စိုးရိမ်စိတ် များတတ်တဲ့ စာရေးသူအကျင့်ကိုလည်း သိနေတာကိုး…
Continue reading
ဆေးစွဲခြင်း
ကြားရ ကြားရ မသက်သာလှ ဆိုသလို ကြားရတဲ့ သတင်းတိုင်းက အကောင်းတွေချည်းဆို သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိပါတယ်… စက္ခုအာရုံလင်းတဲ့ မိုးသောက်ယံတိုင်းဟာ အမြဲသာယာလှပနေပေမဲ့ လူသားတိုင်းရဲ့ ဘ၀က အမြဲသာယာလှပ နေဖို့ မဖြစ်နိုင်ပါဘူး… ခုလက်ရှိ G.T.C က ကျောင်းသူလေးတွေကို အခြေခံပြီး ရေးထားတာပါ… တခြား နေရာတွေမှာလဲ ရှိချင်ရှိပါလိမ့်မယ်… ဆေးစွဲတယ်ဆိုတိုင်း ဘိန်းဖြူ၊ ဆေးခြောက်သုံးမှ ဆေးစွဲတယ် မဟုတ်ပါဘူး… ဆေးတိုင်းမှာ Side Effects ဆိုတာ ရှိပါတယ်… ဒါကြောင့်လည်း တန်ဆေး လွန်ဘေးလို့ ရှေးလူကြီးတွေက ဆိုကြပါတယ်…
စာရေးသူအသိ ညီမလေးတယောက်ရှိပါတယ်… သူ့သူငယ်ချင်းတွေက G.T.C ကျောင်းသူ တွေပါ… သူ့ပုံစံကြည့်ရတာ တနေ့နဲ့ တနေ့ အမူအရာတွေ ထူးခြားလာတာ စာရေးသူ သတိထား မိလိုက်တယ်… ဒါပေမဲ့ သူ့အိမ်မှာ စိတ်ညစ်စရာရှိလို့ နေမှာပဲလို့ ထင်မိတယ်… နောက်ပိုင်း ကျတော့ သူ့အမူအရာတွေ ပိုဆိုးလာတယ်… သူ့ကို ကြည့်လိုက်တိုင်း ကြောင်တောင်တောင်နဲ့ ငေါင်ငေါင်နေတာ တွေ့တယ်… သူ့ရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်း ၀ိုင်းဝိုင်းလေးတွေကလည်း မျက်ကြော စင်းကြီးနဲ့… သူ့ပုံစံမမှန်တော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ စာရေးသူလည်း သူ့ကို စောင့်ကြည့် နေလိုက်တယ်… သူ့အိတ်ထဲမှာ ဆေးကပ်တချို့ကို တွေ့တယ်… ပုံမှန်အားဖြင့်တော့ အဲ့ဒီဆေးက Romilar လို့ ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးပါ… ချောင်းဆိုးရင် တနေ့ တစ်လုံး သုံးကြိမ်သောက် ပေးရပါတယ်… စာရေးသူလည်း သူ့ကို ချောင်းဆိုးနေလို့လား ဆိုတော့ အင်းလို့ပြောတယ်… စာရေးသူလည်း အမှုမဲ့ အမှတ်မဲ့ပဲ တနေ့မှာတော့ သူဆေးသောက်နေတာ တွေ့လိုက်တယ်…
အားပါးပါး အဲဒီ့ချောင်းဆိုးပျောက်ဆေး (Romilar) ကို တပြိုင်တည်း ၁၅လုံးသောက်နေတာ… စာရေးသူလည်း လှမ်းအော်လိုက်တယ်… သူလည်း အလန့်တကြားနဲ့ လက်ထဲကဆေးတွေလည်း ပြုတ်ကျကုန်တယ်… အဲဒါ ဘာလုပ်တာလဲ မေးတော့ ချောင်းဆိုးလို့တဲ့… စာရေးသူလည်း သူ့ကို အစ်အောက်ပြီး မေးရတာပေါ့… နောက်တော့ မျက်ရည်လေး စမ်းစမ်းနဲ့ သူ့အမေကို မပြောပါနဲ့တဲ့… သူဒီဆေးကို မသောက်ရရင် မနေနိုင်တော့လို့ပါတဲ့… စာရေးသူလည်း စဉ်းစားရ အတော်ကြပ်သွားတယ်… သူ့မိဘကို ပြောသင့် မပြောသင့်ဆိုတာ တကယ့်ကို ဆုံးဖြတ်ရခက်သွားတာပါ… တဒင်္ဂအတွင်း ခေါင်းထဲက ဘာမှကို ထွက်မလာဘူး… သူ့အတွက် စိုးရိမ်တဲ့ စိတ်ကြောင့်လည်း ပါတယ်… နောက်တော့ မီးလေး သူနဲ့ ညှိဖို့ ဆုံးဖြတ်လိုက်တယ်…
ပထမဆုံး မီးလေး အိမ်ကို ပြန်မပြောဘူးဆိုရင် ညီမ တစ်ခုတော့ လုပ်ပေးရလိမ့်မယ်လို့ပြောတော့ မီးလေးကို မော့ကြည့်တယ်… ပထမဆုံး ဆေးဖြတ်ပါ့မယ် ဆိုတဲ့ ကတိပေးရမယ်… နောက်ပြီးတော့ နောက်ထပ်လည်း ထပ်မလုပ်တော့ဘူးဆိုတာ ကိုယ့်ကိုကိုယ် အာမခံနိုင်ရမယ်လို့ ပြောလိုက်တော့… သူဆေးဖြတ် ပါ့မယ်တဲ့… ဒါနဲ့ မီးလေးလည်း သူ့ကို ကောင်ဆယ်လင်းလုပ်ပေးတယ်… ပထမဆုံး စသောက်ရတဲ့ အကြောင်းအရင်းကိုမေးတော့ သူ့သူငယ်ချင်းတွေက သောက်ဖို့ တိုက်တွန်းတာလို့ ပြောတယ်… အဲဒီ့သူငယ်ချင်းတွေ မီးလေးတွေ့လို့ရမလားပြောတော့ သူတို့နဲ့ ခုမတွေ့ဖြစ်တော့ဘူးတဲ့… သူတို့က G.T.C မှာ တက်နေတာတဲ့… အရင်ကတော့ အမြဲလိုတွေ့ဖြစ်ပေမဲ့ ခုသူတို့က အဆောင်မှာ နေတော့ အသွားအလာကျဲသွားတယ်လို့ ပြောတယ်… ဒါကလည်း မီးလေးကို မတွေ့စေချင်လို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်… ပထမက ၁၀လုံးစသောက်တယ်တဲ့… နှစ်ပတ်လောက် သောက်ပီးသွားတဲ့ အချိန်မှာ သူ့ပိုက်ဆံလည်း အတော်ထိနေပီလေ ဒါနဲ့ မသောက်တော့ဘူးဆိုပြီး မသောက်ဘဲနေတာ မနေနိုင်တော့ဘူးတဲ့… ဒါနဲ့ ခုနောက်ဆုံး ၁၅လုံးသောက်တဲ့ အဆင့်ထိဖြစ်လာတယ်… အိမ်က ပိုက်ဆံအမျိုးမျိုးတောင်းတာ မရတော့ ဟိုကချီး၊ ဒီကချီးနဲ့ ပိုက်ဆံတွေလည်း အကြွေးဝိုင်းနေတာလဲ မနည်းဘူး…
တချို့က စိတ်ဓာတ်ကျလို့၊ တချို့က စိတ်ဖိစီးမှုတွေ များနေလို့၊ တချို့က သူတို့ အသိုင်းအ၀ိုင်းမှာ ပစ်ပယ်ခံရတယ်လို့ ယူဆကြလို့ အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့တွေဟာ စိတ်ထွက်ပေါက်ရှာကြပါတယ် (ဘလော့ဂ်ဂါ စိတ်ထွက်ပေါက် မဟုတ်ပါ)… စိတ်ကို ထွက်ပေါက်ရှာကြတဲ့အခါ ကိုယ့်ကို အန္တာရာယ်ဖြစ်စေမဲ့ အပြုအမူမျိုးကို ရှောင်သင့်တယ်… စိတ်ဖြေတဲ့နည်း အမျိုးမျိုး ရှိကြပါတယ်… မီးလေးက အရမ်းစိတ်ထဲမှာ မွန်းကြပ်နေရင် တစ်ယောက်တည်း နေရတာကို ကြိုက်တယ်… အနားမှာ တစ်ယောက်ယောက်ရှိနေရင် ပိုစိတ်ကျဉ်း ကြပ်တယ်… မီးလေး ချစ်သူတောင် အနားမှာရှိနေရင် မကြိုက်ဘူး… တစ်ယောက် တည်း headphone ဖွင့်ပြီး အပြင်သံ ဘာမှမကြားရအောင် အကျယ်ကြီးဖွင့်ပီး သီချင်း နားထောင်ချင် နားထောင်တယ်… တစ်ခါတစ်လေ တယောက်တည်း ဘယ်သူ့မှ မသိအောင် ကြိတ်ငိုချင် ကြိတ်ငိုတတ်တယ်… စိတ်ဖြေတဲ့ နည်းတွေ အများကြီး ရှိပါတယ်… ဥပမာ- သီချင်း နားထောင်တာ၊ သီချင်း အော်ဆိုတာ၊ နောက် အားကစားတခုခု လုပ်နေတာမျိုး အများကြီး လုပ်လို့ရပါတယ်… ဒါပေမဲ့ ခုလို အကျိုးယုတ်စေတာမျိုးတော့ မလုပ်သင့်ဘူးပေါ့…
မိဘတွေကလည်း ခုချိန်က စားဝတ်နေရေး ကြပ်တည်းနေကြတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ သားသမီးကို သေချာ ဂရုမစိုက်နိုင်ကြတော့ သားသမီးတွေကလည်း ဖြစ်ချင်ရာဖြစ်နေကြတာပေါ့… သားသမီးတွေ ဒီလိုဖြစ်တာ မိဘတွေကိုချည်း အပြစ်တင်လို့တော့ မရပါဘူး… အရင်ကဆို တစ်အိမ်မှာ တစ်ယောက်အလုပ်လုပ်ရင် တစ်အိမ်လုံး ထိုင်စားလို့ရပေမဲ့ ခုခေတ်မှာတော့ စီးပွားရေး ကြပ်တည်းလာမှုကြောင့် အများစုက အပြင်မှာ အလုပ်ထွက်လုပ် ကြရပါတယ်… ဒါကို သားသမီးတွေကလည်း နားလည်မှုရှိပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြမယ်ဆိုရင် မိသားစုတိုင်း သာယာချမ်းမြေ့ကြရမှာ အမှန်ပင် ဖြစ်ပါတယ်… ကိုယ်တွေ အသက်အရွယ်မှာ ဒီလောက် စိတ်ဖိစီး မှုများနေမယ်ဆိုရင် ကိုယ့်မိဘတွေကော ဘယ်လောက် စိတ်သောက ရောက်ကြလိမ့်မလဲလို့ မလုပ်မိခင် အရင်စဉ်းစားကြစေချင်ပါတယ်…
ကိုယ်ပြုမိတဲ့ အလုပ်တစ်ခုက ကိုယ်လည်း ဒုက္ခရောက်ရမယ်… လူကြီးတွေလည်း စိုးရိမ် ပူပန်နေရမယ်ဆိုရင် နှစ်ဦး နှစ်ဖက် ကောင်းကျိုးမရှိလို့ ဘာကြောင့်စိတ်ညစ်နေရတယ်၊ ဘာတွေ စိတ်ဖိစီးမှုများနေတယ်ဆိုတာ သိပ်ခင်ပြီး နှုတ်လုံတဲ့သူ တစ်ယောက်ဆီ ရင်ဖွင့်ရင်လည်း သက်သာကောင်း သက်သာပါလိမ့်မယ်… ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို သီချင်းနားထောင် တာမျိုးပဲဖြစ်ဖြစ်၊ အားကစား တစ်ခုခု လုပ်နေတာမျိုးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာမှ မတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူခြင်း ကလည်း စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်… လူငယ်ဆိုတာ တိုင်းပြည်အတွက် လင်းလက်လာမယ့် ကြယ်ပွင့်လူတွေပါ… မလင်းလက်ခင် ကြွေလွင့်မသွားစေချင်တဲ့ စေတနာနဲ့ ဒီပို့စ်လေးကို ရေးသားခြင်းဖြစ်ပါတယ်…
(စာကြွင်း – သူမ ခုဆို ဆေးဖြတ်တာ အတော်လေးထိရောက်နေပါပီ… ဆေး ၁၅လုံးကနေ လျှော့လာတာ ၃လုံး ထိရောက်နေပါပီ… နောင်တစ်ချိန်မှာ သူမ ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင် အားလုံးအေးဆေးသွားတဲ့အချိန် သူမ မိဘတွေကို အသိပေးဖို့ စိတ်တွင်ရည်စူးလျှက်….)